စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုချုပ်ကိုင်မှူ လျှော့ချရေး ချင်းပါတီဆွေးနွေးမည်

စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုချုပ်ကိုင်မှူ လျှော့ချရေး ချင်းပါတီဆွေးနွေးမည်
by -
ခိုနူမ်ထုန် သတင်းဌာန

နေပြည်တော်တွင် ကျင်းပမည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် စီးပွားရေး နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာရှိမှု နှင့် ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရေးကိစ္စများကို တင်ပြဆွေးနွေး သွားမည်ဟု ချင်းအမျိုးသားပါတီ က ပြောသည်။

‘‘စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ဆိုရင် ဗဟိုချူပ်ကိုင်မှုစနစ်ကို လျှော့ချနိုင်သလောက် လျှော့ချရမှာလေ၊ Transparency (ပွင့် လင်းမြင်သာရှိမှု) ပိုပြီး ဒီထက်ကောင်းလာဖို့ လိုလာလိမ့်မယ် ဆိုတဲ့ဟာတွေကို ကျနော်တို့အတွက် ပြောခွင့်အချိန်ပေးရင်တော့ တင်ပြဆွေးနွေး သွားမှာပါ’’ဟု ချင်း အမျိူးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင်က ဆိုသည်။

မနက်ဖြန် စတင်ကျင်းပမည့် ဆွေးနွေးပွဲတွင် တက်ရောက်ရန် တရက်အလိုမှသာ ဖိတ်စာရရှိသည့်အတွက် ၄င်းတို့ပါတီအနေဖြင့် လုံလောက်သော ပြင်ဆင်ချိန် မရှိသည့်ကြားထဲက အခြေအနေ ပေးသလောက် ဆွေးနွေးသွားမည်ဟု ဆိုသည်။

သြဂုတ်လ ၁၉ နှင့် ၂၁ ရက်နေ့အထိ သုံးရက်ကြာကျင်းပမည့် ထိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် အစိုးရက နိုင်ငံရေး ပါတီ ၃၇ ပါတီကို ဖိတ်ကြားရာတွင် ချင်း အမျိူးသားပါတီလည်း ပါ၀င်သည်။

အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိသော Clean government ကိုအမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရန် နှင့် နိုင်ငံတကာက အသိအမှတ်ပြုနိုင်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထိုမှတဆင့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းမှုရှိလာပြီးမှသာ စီးပွားရေး၊ လူမှုရေး ကိစ္စများကို အမှန် တကယ် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အရင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆလိုင်း ကျဲအိုဘခ်ထောင် က ထောက်ပြသည်။

‘‘နိုင်ငံရေးအရရော၊ စီးပွားရေး အရပါပြုပြင်ပြောင်းလဲဖို့ လုပ်တော့မယ်ဆိုရင် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးရမယ်၊ ငြိမ်းချမ်းရေး အတွက် အမြန်ဆုံး အဖြေရှာရမယ်၊ ငြိမ်းချမ်းရေးမရှိဘဲနဲ့ဒီမိုကရေစီ မရှိနိုင်ဘူး၊ ဒီမိုကရေစီမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မရှိနိုင် ဘူး’’ဟု ၎င်းက ပြောသည်။

ချင်း အမျိူးသား ပါတီအနေနှင့် အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင် အပါအဝင်ကိုယ်စား လှယ်၂ ဦး ဆွေးနွေးပွဲတက်ရောက်မည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက တရားဝင် ဖိတ်ကြားထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တက်ရောက်မည် မတက်ရောက်မည်ကိုမူ အသေအချာ မသိရသေးပေ။

Most read this week