ပြည်သူမေးခွန်းများ ယူအက်စ်ဒီပီ ကိုယ်စားလှယ် မတုံ့ပြန်နိုင်

ပြည်သူမေးခွန်းများ ယူအက်စ်ဒီပီ ကိုယ်စားလှယ် မတုံ့ပြန်နိုင်
by -
ခိုနုမ်းထုန်သတင်း

ချင်းပြည်နယ်မှ ယူအက်စ်ဒီပီကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ပါတီစည်းရုံးရေး ဟောပြောရာတွင် ပြည်သူ၏ မေးမြန်းချက်များကို မတုံ့ပြန်နိုင်....

ချင်းပြည်နယ်မှ ယူအက်စ်ဒီပီကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ပါတီစည်းရုံးရေး ဟောပြောရာတွင် ပြည်သူ၏ မေးမြန်းချက်များကို မတုံ့ပြန်နိုင်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဒေါက်တာ မှုထန်းသည် ယခုလ ဒုတိယပတ်အတွင်း နယ်ဆင်း စည်းရုံးရာတွင် သယံဇာတတွေ မထွက်တဲ့ ချင်းတောင်နှင့် ဆင်းရဲတဲ့ ချင်းပြည်များ အနေဖြင့် ကြံ့ဖွံ့ပါတီကို မဲပေးမှသာ ဒေသခံများ၏ စားဝတ်နေရေး ချောင်လည်လာမည်ဟု စည်းရုံးခြင်း ဖြစ်သည်။

“ကျတော်တို့ ချင်းပြည်သူတွေက တလျှောက်လုံး ကိုယ့်အားကိုယ်ကိုးပြီး စားသောက်လာတာပဲ၊ စားဝတ်နေရေး ချောင်လည်မယ် ဆိုတာက ဘယ်လိုလုပ်ပေးမလဲ၊ အစကတည်းက ဘာလို့ မလုပ်ပေးတာလဲလို့ မေးတော့ ဘာမှ မတုံ့ပြန်ဘူး” ဟု ဒေသခံတဦးက ပြောသည်။

ဒေါက်တာ မှုထန်းနှင့် အဖွဲ့သည် ယခုလအတွင်း ထန်တလန်မြို့နယ် ၎င်းမဲဆန္ဒနယ်အတွင်း တလနီးနီး ကွင်းဆင်းစည်းရုံးကြောင်း၊ စည်းရုံးရာတွင် ပြည်သူအား ခြိမ်းခြောက်မှုတွေ လုပ်နေကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီက အနိုင်ရကို ရရမှာ၊ မဲမပေးလို့ နောင်တရတယ်ဆိုတာမျိုး မရှိအောင် မတွေဝေကြနဲ့လို့ စည်းရုံးတယ်” ဟု ဆူရ်ငင်းရွာသား တဦးက ပြောသည်။

တဆက်တည်း ဒေသခံတဦးက အနိုင်ရဖို့ သေချာယင် မဲထည့်စရာ မလိုကြောင်း ပြန်မေးသော်လည်း ပြန်လည်မဖြေကြားကြောင်း သိရသည်။

ဒေသခံတချို့သည် ကြံ့ဖွံ့ပါတီသည် အစိုးရ ဖွဲ့ဖို့ သေချာပြီ ဖြစ်သောကြောင့် အခွင့်အရေး မဆုံးရှူံးအောင် မဲပေးရန် ပြင်ဆင်နေကြ ကြောင်းလည်း သိရသည်။

“သူတို့က တပ်မတော် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းမှာဆိုတော့ ရမှာပဲ၊ အခွင့်အရေးတွေ တကယ်ရှိယင် ကျတော်တို့ပဲ နစ်နာမှာ” ဟု ဒေသခံတဦးက ပြောပြသည်။

ဒေါက်တာမှု ထန်းသည် မိမိကိုယ် ချစ်မြတ်နိုးယင် မိမိကို မဲပေးရန် လူထုကို စည်းရုံးရာတွင် ပြည်သူတွေက ကာယကံရှင်ကို မမုန်းကြောင်း၊ သို့သော် သူ့ရဲ့ ပါတီကိုတော့ မဲမပေးချင်ကြောင်း ပြောဆိုနေကြသည်ဟု သိရသည်။

“ခြင်္သေ့ တံဆိပ်ကိုတော့ ကြောက်တယ်၊ ဒေါက်တာကိုတော့ ချစ်တယ်” ဟု ဒေသခံတဦးက ပြောသည်။

ဒေါက်တာ မှုထန်းသည် ၁၉၉၀ ရွေးကောက်ပွဲက ထန်တလန်မြို့နယ်တွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။