ချင်းပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လယ်ဧက ၂၀၀ ခန့် လယ်စပါးများ ဆုံးရှူံး

ချင်းပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လယ်ဧက ၂၀၀ ခန့် လယ်စပါးများ ဆုံးရှူံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း လယ်ဧကပေါင်း ၂၀၀ ခန့် ရေလွှမ်မိုးမှုကြောင့် ဒေသခံများ၏ လယ်စပါးများ ပျက်စီးဆုံးရှူံး.....

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း လယ်ဧကပေါင်း ၂၀၀ ခန့် ရေလွှမ်မိုးမှုကြောင့် ဒေသခံများ၏ လယ်စပါးများ ပျက်စီးဆုံးရှူံး ကုန်သည်ဟု သိရသည်။

ယခုတလော ချင်းပြည်အနှံ့ မိုးသီးထန်စွာ ရွာသွန်းခြင်းကြောင့် ထန်တလန်မြို့နယ်၊ ဇိုဖေတောင်ကြောရှိ အိုင်ဘူးရ်ကျေးရွာမှ အိမ်ခြေ ၂၅ ခန့် လယ်များ ရေလွှမ်းမိုးသွားခြင်း ဖြစ်သည်ဟု သိရသည်။

“တချို့လယ်တွေကတော့ ရေတိုက်စားသွားလို့ အကုန်ပျက်စီးသွားတယ်” ဟု အိုင်ဘူးရ်ဒေသခံ တဦးက ပြောသည်။

ချင်းပြည်နယ်တွင် လယ်စပါးများကို အောက်တိုဘာလမှ ရိတ်သိမ်းလေ့ရှိကြပြီး မိုးရေကြီးမှုကြောင့် မရိတ်သိမ်းခင် ယခုကဲ့သို့ ရေလွှမ်းသွားရခြင်း ဖြစ်ကြောင်း ဒေသခံတွေက ပြောကြသည်။

“ပူး ဒါရ်လွဲ လယ်ဆိုယင် စပါးမပြောနဲ့ လယ်ကွက် အားလုံး ပျက်စီးသွားတယ်” ဟု ဒေသခံလူကြီးတဦးက ပြောသည်။

မိုးရေကြီးမှုကြောင့် ထန်တလန်မြို့နယ်အတွင်း ချောင်းတံတားများ ရေထဲပါသွားသဖြင့် တရွာနှင့် တရွာလည်း ဆက်သွယ်သွားလာမရ ဖြစ်နေကြကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်အတွင်း မိုးရေးကြီးမှုကြောင့် လွှဆွဲသမား ချင်းလူမျိုး နှစ်ဦး ရေနစ်သေဆုံးသွားကြသည်ဟု သိရသည်။

“ချောင်းရေနဲ့အတူ မြေပြိုလာတော့ လွှစင်ပါ တခါတည်း ချောင်းရေထဲ ပါသွားတာ၊ တဦးကကတော့ သစ်ကိုင်းကို ဆွဲထားလို့ မသေတာ၊ တောင်ကျချောင်းဆိုတော့ ဘယ်လိုမှ ရှောင်ချိန်မရကြဘူး” ဟု ဒေသခံက ပြောသည်။

အဆိုပါ သေဆုံးသူ နှစ်ဦးသည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရိန်ခဲန်းကျေးရွာမှာ ဦးပါဘွေးနှင့် ဦးရာတူးတို့ ဖြစ်ပြီး နှစ်ဦးစလုံး မိသားစု အိမ်ထောင်ဦးစီးများ ဖြစ်ကြကြောင်း သိရသည်။

ရိန်ခဲန်းကျေးရွာသည် ယခုနှစ် နွေရာသီအတွင်းတောင် ယာမီးကြောင့် တရွာလုံး မီးလောင်ခဲ့ပြီး ယနေ့အထိ လူမှုရေးအသင်းအဖွဲ့များ၏ အထောက်အပံ့ဖြင့်သာ ရုန်းကန်နေကြသေးကြောင်း သိရသည်။

ယခုလက်ရှိ အငတ်ဘေးဒါဏ် မကျရောက်သော ဒေသခံချင်းပြည်သူများသည် စပါးရိတ်သိမ်းနေချိန် ဖြစ်ပြီး ယခုကဲ့သို့ မိုးကြီးမှုကြောင့် တောင်ယာ စပါးများ ဆုံးရှူံးသွားကြမည်ကို အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

“စပါးကို ၂ ရက်ပဲ ရိတ်သေးတယ်၊ မိုးရွာနေတော့ ဆက်လက်မရိတ်သိမ်းနိုင်ဘူး” ဟု ထန်တလန်မြို့နယ်၊ မွှန်ဟဲလ် ရွာသားက ပြောသည်။

အလားတူ ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင်လည်း မိုးကြီးမှုကြောင့် တချို့အိမ်မြေနေရာများ ပြိုနေသည်ဟု ပြောကြသည်။