ချင်းမျိုးနွယ်စုများ ပိုမိုပါဝင် လာရေးအတွက် LWO အား MWO ဟု အမည်ပြောင်း

ချင်းမျိုးနွယ်စုများ ပိုမိုပါဝင် လာရေးအတွက် LWO အား MWO ဟု အမည်ပြောင်း

စစ်ကိုင်းတိုင်း ကလေးကဘော်ဒေသရှိ လူရှိုင်းလူမျိုးစုများမှ ဖွဲ့စည်းထားသော Lushai Welfare Organization (LWO) ကို ဒေသတွင်း တခြား ချင်းမျိုးနွယ်စုများ ပိုမိုပါဝင်လာစေရေး ရည်ရွယ်ချက်ဖြင့် Mizo Welfare Organization ( MWO) ဟု အမည် ပြောင်းလဲလိုက်....

စစ်ကိုင်းတိုင်း ကလေးကဘော်ဒေသရှိ လူရှိုင်းလူမျိုးစုများမှ ဖွဲ့စည်းထားသော Lushai Welfare Organization (LWO) ကို ဒေသတွင်း တခြား ချင်းမျိုးနွယ်စုများ ပိုမိုပါဝင်လာစေရေး ရည်ရွယ်ချက်ဖြင့် Mizo Welfare Organization ( MWO) ဟု အမည် ပြောင်းလဲလိုက် သည်ဟု သိရသည်။

“LWO က လူရှိုင်းမျိုးနွယ်စုကိုသာ ကိုယ်စားပြုတယ်၊ MWO က အားလုံးကို ပိုမိုလွှမ်းခြံတယ်” ဟု ကလေးမြို့ရှိ ဒေသခံတဦးက ပြောသည်။

LWO ကို ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရည်ရွယ်ချက် ၆ ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ရာ ရည်ရွယ်ချက်တွင် တပ်မတော်အား အမိအဖဟု ခံယူရေး၊ တပ်မတော် အမာခံ လူမျိုးစုအဖြစ် ထာဝရ ရပ်တည်ရေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးအသင်းနှင့် အမြဲလက်တွဲရေး၊ တပ်မတော်မှ ချမှတ်သော အမျိုးသား နိုင်ငံရေးလမ်းစဉ်အပေါ် အစဉ်တစိုက် လျှောက်လှမ်းရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုသာ တခဲနက် ထောက်ခံရေး၊ လူရှိုင်းလူမျိုးစုနှင့် မျိုးနွယ်စုတူတို့၏ စာပေယဉ်ကျေးမှု ရိုးရာ များကို ဖော်ထုတ်တင်ပြ ဖန်တီးခွင့် ရရှိရေးဟု ပါရှိသည်။

ထိုသို့ အမည်ပြောင်းလဲခြင်း ကိစ္စနှင့် ပါတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အသီးသီးသို့ ယခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် မီဇိုး (ခ) လူရှိုင်းမျိုးနွယ်စု အကျိုးဆောင် အဖွဲ့ဥက္ကဌမှ တင်ပြခဲ့သည်။

“အမ်ဒဗလျူအို အမည်ပြောင်းတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူတို့ ရည်ရွယ်ချက်က စစ်အစိုးရကို အားမပေးသူတွေ ပါဝင်ရေးအတွက် ဆိုတာ မဖြစ်နိုင်လောက်ဘူး” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကလေး၊ ကဘော်ဒေသရှိ လူရှိုင်း (မီဇိုး) မျိုးနွယ်စုတို့သည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က စစ်အစိုးရထံ ကလေးခရိုင်နှင့် တမူးခရိုင်အတွင်း လူရှိုင်းမျိုးနွယ်စု အမည်ခံမြို့နယ်တခု ထားရှိပေးရေး တောင်းဆိုခဲ့ကြသော်လည်း စစ်အစိုးရက ဒေသတွင်း လူရှိုင်း မျိုးနွယ်စု ငါးသောင်းကျော် ရှိပါက လွှတ်တော်ကိုယ်စားလှယ် တနေရာ ပေးရန်ဟု တုံ့ပြန်ခဲ့သည်။

နအဖ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစီရင်စု ရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေ ဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသား လူမျိုးအသီးသီးက လူမျိုးတမျိုးလျင် တစ်ဦးကျစီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်နိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ဒေသတွင် တီးတိန်ချင်း၊ ဖလမ်းချင်း၊ ဟားခါးချင်း မျိုးနွယ်များလည်း နေထိုင်ကြရာ ၎င်းတို့ပါ အမည်စာရင်းပေးမှသာ လူဦးရေ ငါးသောင်းပြည့်နိုင်ဖွယ်ရှိမည်ဟု ပြောဆိုကြသည်။