ကချင်ပါတီများ ပေါင်းစည်းရေး ဒုတိယ အကြိမ် ဆွေးနွေး

ကချင်ပါတီများ ပေါင်းစည်းရေး ဒုတိယ အကြိမ် ဆွေးနွေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်တွင်ရှိသော ကချင်ပါတီများ တစ်ခုတည်းပေါင်းစည်းရေးအတွက် ကချင်ပြည်သူ့ အသံထုတ်ဖော်ရေးကော်မတီ- ဖားကန့်မြို့နယ်မှ ဦးဆောင်၍ ကချင်ပါတီများကိုခေါ်ဖိတ်ကာ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ပေါင်းစည်းရေးဆွေးနွေးမှုကို မြစ်ကြီးနားမြို့ YMCA ခန်းမဆောင်တွင် ပြု လုပ်ခဲ့သည်။

ပါတီပေါင်းစည်းရေးအတွက် ၃ ပါတီနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ရာ ယခင်ဆွေးနွေးမှုများ အားနည်းခဲ့သော် လည်း ယခုတစ်ကြိမ်တွင် တိုးတက်မှုရှိလာသည်ဟု ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီ -ဖားကန့်မြို့ နယ်မှ ကော်မတီ ဥက္ကဌ ဆရာလတောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

Kachin-party-unification-talk-at-YMCT-Myitkyina

“ဒီနေ့ ဆွေးနွေးတာက ရလဒ်ကောင်းတယ်လို့ပြောရမှာဖြစ်တယ်။ KNCD ပါတီက ပထမဆုံးပေါင်းစည်း ရန် ဆွေးနွေးတုန်းက မပေါင်းဘူး ပေါင်းချင်တဲ့သူတွေ KNCD ထဲဝင်ရမယ်လို့ပြောခဲ့တယ်။ ဒါမဲ့ဒီနေ ့ဆွေးနွေးပွဲမှာတော့ KNCD က ‘ကျနော်တို့ပေါင်းစည်းရတော့မယ်’ ဆိုပြီး ပြောလာတယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ကချင်ပါတီ ၃ ပါတီနှင့်အတူ ကချင်ခရစ်ယာန်အဖွဲ့များဖြစ်သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ဆရာတော်များ၊ ရိုမန်ကတ်သလစ် (RC) ဘုန်းတော်ကြီးများ၊ အင်္ဂလီကန်ဘုန်းတော်ကြီး (Bishop)နှင့် Shanglawt အသင်းတော် (Shanglawt Hkristan)မှ ဆရာတော်များတက်ရောက်ကာ  ပါတီပေါင်းစည်းရန်တိုက်တွန်းခဲ့ကြောင်းသိရသည်။

သို့သော် ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (Kachin State Democracy Party-KSDP) ပါတီသည် ၄င်းတို့အတွက် အချိန်ကပ်နေပြီး ပေါင်စည်းရန်အဆင်သင့် မဖြစ်သေးသောကြောင့် ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီ-ဖားကန့်မြို့နယ်မှ ပါတီ ၂ ပါတီဖြစ်သော ကချင်အမျိုးသား ဒီမိုကရေစီကွန်ဂရက်ပါတီ (KNCD)နှင့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ပါတီကသာ သဘောတူခဲ့သော ကြောင့် ၄င်းတို့ကို ထောက်ခံကာ ကချင်ပြည်နယ်ရှိလူထုများကိုလည်း တိုက်တွန်း ကြေညာ ချက်ထုတ်ပြန်သွား မည်ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုက္ကဌ (၂) ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) သည် လွန်ခဲ့သည့်ဖေဖော်ဝါရီလက မြစ်ကြီးနားမြို့ စီတာပူ တွေ့ဆုံဆွေးနွေးပွဲတွင် ‘ကချင်ပါတီများ ပေါင်းစည်းမှုကို မူအားဖြစ် လက်ခံသော်လည်း လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက် ပိုင်းမှ ပြန်လည်စဉ်းစားနိုင်မည်ဖြစ်ကြောင်း’ ပါတီပေါင်း စည်းရေးဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

ကချင်ပါတီ ၁ ခုတည်းဖြစ်ရန် ပါတီ ၂ ပါတီမှ ဆက်လက်ပြီး  ပေါင်းစည်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ကချင်ပြည်နယ်လူထုအကျိုးအတွက်ပေါင်းစည်းရေးကို ဆောင်ရွက်နေသော ကချင်ပြည်သူ့ အသံထုတ်ဖော်ရေးကော်မတီသည် ပေါင်းစည်းမှုကို လက်ခံထားသော ပါတီကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင်ဖားကန့် မြို့နယ်အပြင် အခြားကချင်ဒေသအားလုံးတွင် မဲပေးကြရန် စည်းရုံးသွားမည်ဟုလည်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော် အမှုတော်ဆောင် တဦးလည်းဖြစ်သူ ကော်မတီ ဥက္ကဌဆရာလတောင်ပြောသည်။

စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ (UDPKS) နှင့် လီဆူးအမျိုးသားဖွံ့ဖြိုးရေးပါတီ (KNCD) ပါတီကို ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီမှ ဖိတ်ခေါ်ခြင်းမရှိကြောင်း ပေါင်းစည်းရေးကော်မတီပြောသည်။ အဆိုပါဆွေးနွေးပွဲသို့ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားလှယ်များပါဝင်ပြီး စုစုပေါင်း ၆၀ နီးပါး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Most read this week