သယံဇာတများအားလုံး မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ကြောင်း မူကြမ်းကို တောင်သူများ ကန့်ကွက်

သယံဇာတများအားလုံး မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်ကြောင်း မူကြမ်းကို တောင်သူများ ကန့်ကွက်
by -
ကေအဲန်ဂျီ

အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် သုံးသပ်သော အလုပ်ရုံဆွေးနွေးပွဲ တရပ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူထုအခြေပြုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ အပါအဝင် လူထု ၁၅၀ ကျော်က် ပြုလုပ်ပြီး ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီမှာ ၁၁ နာရီခွဲထိ မြစ်ကြီးနားမြို့ရှိ မန္တလေးဘုန်းကြီးကျောင်းတိုက်မှ စီတာပူ တံတားအနီးထိ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် မြစ်ကြီးနားမြို့နယ် ရာဘာလုပ်ငန်းရှင်များ ဥက္ကဌ ဒေါက်တာမောင်မောင်တာ က ပြောသည်။

“နိုင်ငံတော် အစိုးရထုတ်တဲ့ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) စာအုပ်က စာမျက်နှာ ၉၀ ရှိတယ်။ အဲဒါကိုမနေ့က အလုပ်ရုံဆွေးနွေးပွဲ လုပ်တယ်။ အတိုချုပ်ပြီးတော့ ပြောလိုက်ရင် ပြည်သူ အကျိုးမပြုလို့ ဆန္ဒဖော်ထုတ်တဲ့ သဘောမျိုးပါ” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဝိုင်းမော်၊ နမ္မတီး စသည့် မြို့နယ်များမှ တောင်သူလယ်သမား ကိုယ်စားလှယ်များက မြေယာအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် ကန့်ကွက်ကြောင်း စာတမ်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သူကပြောသည်။

အဆိုပါမူကြမ်းသည် ပြည်သူလူထုအတွက် အကျိုးတစုံတရာမရှိသည့်အပြင် ရရှိထားသောနယ်မြေများပင် ဆုံးရှုံးဖွယ်ရှိသောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု NDF ပါတီဝင် တောင်သူများဖက်မှ တာဝန်ခံ တစ်ဦးလည်းဖြစ်သူ ဒေါ်ဘောက်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။

"ဒီမူကြမ်းကိုလိုမရှိဘူး ဒီမူကြမ်းရေးဆွဲချိန်မှာ ပြည်သူတွေမသိလိုက်ဘူး လယ်ယာမြေ ဆုံးရှှုံးနေတဲ့ တောင်သူလယ်သမားတွေ ဘာမှမသိလိုက်ဘူး။ ပြည်သူတွေ အကျိုးခံစားခွင့်ဘာမှမရှိဘူး။ ကျနော်တို့နယ်မြေကို သိမ်းပိုက်ဖို့ ဒီမူကြမ်းမှာ တွေ့နေရတယ်။ ဒါကြောင့် လုံးဝလက်မခံဘူး" ဟု ပြောသည်။

အဆိုပါ မူကြမ်းပါ မြန်မာ သယံဇာတများအားလုံး၏ မူလပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည်ဟု ဖော်ပြထားသဖြင့် မည်သည့် မြေယာအမျိုးအစား လုပ်ပိုင်ခွင့် ရရှိထားသူ မည်သူမဆို နိုင်ငံတော် အစိုးရက တရားဝင် သိမ်းပိုင်ခွင့်ရှိသည် ဆိုသော အချက်ကိုလည်း ကန့်ကွက်ကြောင်းပြောသည်။

နယ်မြေများ မြေလွတ်မြေရိုင်းများအား ဂြိုလ်တုဖြင့်တိုင်းတာမည်ဖြစ်ကြောင်း မြေလွတ်မြေရိုင်းများသည် ယခင်ကတည်းက ဖိုးဘွားပိုင်နယ်မြေများ ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်သူများသည် အင်္ကျီအရှေ့ခြမ်းတွင် ဆရာစံ၏ ဓါတ်ပုံနှင့် နောက်ကြောတွင် တောင်သူ လယ်သမားအခွင့်အရေး၊ လယ်ယာမြေ အရေးလှုပ်ရှားသူများအဖွဲ့ ကချင်ပြည်နယ်ဆိုသော စာသားပါ အင်္ကျီများ ဆင်တူ ဝတ်ဆင်၍ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဖားကန့်မြို့နယ် တောင်သူလယ်သမားများအဖွဲ့မှ ဦးလဆိုင်း က ပြောသည်။

“မြေသိမ်းယာသိမ်းဖို့ ကျနော်တို့ လက်မခံဘူး။ အချုပ်အချာအာဏာ ဗဟိုချုပ်ကိုင်စနစ်ကို အလိုမရှိဘူးဆိုတာတွေ စာတန်းတွေ ကိုင်တယ်။ တောင်သူလယ်သမား အခွင့်အရေးရရှိရေးဆိုတာတွေ ရေးထားတယ်။ ဆိုင်းဘုတ်တွေ ကိုင်ပြီးတော့ မြို့တပတ်ပတ်တယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၂၇ ရက်တွင် ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေနှင့် ဥယျဉ်ခြံမြေများ နစ်နာသော တောင်သူ များ၊ မြို့နယ်အသီးသီးမှ တောင်သူလယ်သမားကွန်ယက်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ခန့်က အမျိုးသားမြေအသုံးချမှု မူဝါဒအပေါ် သုံးသပ်ဆန်းစစ်သော အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားမြို့အောင်နန်းရပ်ကွက် ရိုမင်ကက်သလစ်ဘုရားကျောင်း ဟောခန်းမ တွင် ပြုလုပ်၍ ကြေငြာချက် ထုတ်ပြန်၍ ဆန္ဒဖော်ထုတ်မှုလည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချမည်ဟု ဆိုသော်လည်း ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများသည် အထက်မှ ခန့်ထားသောကြောင့် လက်မခံနိုင်သလို၊ ဌာနေ တိုင်းရင်းသားများ၏ရိုးရာဓလေ့မြေယာအသုံးချမှု များကို အကာအကွယ်ပေးမည်ဟု ဖော်ပြထားသော်လည်း တရားဝင် အသိအမှတ် ပြုခြင်းနှင့် လွတ်လပ်စွာ အသုံးပြု စီမံခန့်ခွဲခွင့်ကို အာမခံထားခြင်းမရှိကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံ မြေယာခွဲဝေ အသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီ ရေးဆွဲထားသော မြန်မာနိုင်ငံ မြေယာခွဲဝေ အသုံးချမှု စိစစ်ဆောင်ရွက်ရေးကော်မတီ ရေးဆွဲထားသောအမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ရေးဆွဲသည့် အဆင့်ဆင့်တွင် ပြည်သူထုထု အမှန်တကယ် နစ်နာသော တောင်သူလယ်သမား၊ တိုင်းရင်းသား၊ အမျိုးသမီး၊ ပြည်သူ့ဖက်ရပ်တည်ပေးသော ပညာရှင်များဖြင့် ပါဝင်ရေးဆွဲထားသော မူဝါဒ မဟုတ်သောကြောင့် လက်မခံနိုင်ကြောင်း ထုတ်ပြချက်က ဖော်ပြထားသည်။

တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲဆုံးဖြတ်ပိုင်ခွင့်ကို အာမခံသော အချက်အလက်များ ပါဝင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတည်ဆောက်မှုကို ပိုမိုနှောင့်နှေး ကြန့်ကြာ စေသလို၊ စစ်အစိုးရ လက်ထက်က သိမ်းဆည်းထားသော မြေနှင့် လက်ရှိ ဖြစ်ပေါ်နေသော မြေယာ အငြင်းပွားမှုများကိုဖြေရှင်းပေးနိုင်သော အချက် ပါဝင်ခြင်း မရှိကြောင်း ဆိုထားသည်။

၄င်းမူကြမ်းအား ပြည်သူလူထုအကြား ချပြရန် နေပြည်တော် အပါအဝင် ၁၇ နေရာတွင်သာ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ ပြုလုပ်ခြင်းသည် တိုင်းရင်းသားပြည်သူလူထုနှင့် တောင်သူလယ်သမားများ၏ သဘောဆန္ဒကို လစ်လျှုရှုနေသည်ဟု ထောက်ပြထားသည်။

လူထုနှင့် တောင်သူလယ်သမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လူငယ်များ၊ လွတ်လပ်ပြီး ဘက်မလိုက်သော ဥပဒေ ပညာရှင်များနှင့် ပါဝင်ထိုက်သာ ပုဂ္ဂိုလ်များဖြင့် ပွင့်လင်းမြင်သာစွာ မူကြမ်းအသစ် ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်သည်။