ဗိုလ်လောင်းများ ကျဆုံးမှု ဆုတောင်းပွဲ အာဏာပိုင်များ ဖိအားပေးမှုကြားမှ ပြုလုပ်ခဲ့

ဗိုလ်လောင်းများ ကျဆုံးမှု ဆုတောင်းပွဲ အာဏာပိုင်များ ဖိအားပေးမှုကြားမှ ပြုလုပ်ခဲ့
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား စီတာပူမနောကွင်းတွင် KIA ဗိုလ်သင်တန်းကျောင်းမှ တိုင်းရင်းသား ဗိုလ်လောင်းများကျဆုံးခြင်း အောက်မေ့ဘွယ်ဆုတောင်းပွဲကို ၂ ရက်ကြာပြုလုပ်ရာ အစိုးရအာဏာပိုင်များမှ ကချင်အမျိုးသားအလံကို ဖြုတ်ရန်ဖိအားပေးနေသည့်ကြားက ပြုလုပ်ခဲ့ရသည်ဟု ဆုတောင်းပွဲပါ၀င်သူများ ပြောသည်။

မနောကွင်းအတွင်း ၀တ်ပြုအစီစဉ်ပြုလုပ်သည့် စင်တဖက်တချက်တွင် တဝက်မြှင့်တင် စိုက်ထူထားသော အလံကို ဖြုတ်ချရန် ယမန်နေ့မှစ၍ အကြိမ်ကြိမ်လာရောက်ပြောဆိုခဲ့ကြောင်း ဆုတောင်းပွဲဦးဆောင်သူ များ ပြောသည်။

Kachin-people-prayer-service-on-dead-of-23-KIA-cadets

ယနေ့ အစီစဉ်တွင်လည်း အာဏာပိုင်များသည် နံနက်ချိန်မှ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ချုပ်ထံ အမျိုးသားအလံအား ဖြုတ်ချရန် ၁၀ ကြိမ် အထက်ပြောဆိုခဲ့သည့်ကြားမှ ညနေထိမဖြုတ်တော့ပဲ ကျင်းပဲခဲ့ကြသည်ဟု ရိုးရာယဉ်ကျေးမှု ဗဟိုဌာနချုပ်မှ ဦးဂွမ်ဂျာနော် KNG ကချင်သတင်းဌာန သို့ ပြောသည်။

"အခုချိန်ငြိမ်းချမ်းရေးကို လိုလားပြီး ယုံကြည်မှုကိုတည်ဆောက်နေချိန် ထင်မှတ်မထားတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ် ခံစားလိုက်ရတယ်။ အခုလို ကျနော်တို့ကို မတရားလုပ်ဆောင်မှုနဲ့ ကျဆုံးသွားတဲ့သူတွေ အတွက် အောက်မေ့ သတိရပြီး သူတို့လေးစားတဲ့အနေနဲ့ ချီးမွမ်းခြင်း၊ အရိုအသေပေးခြင်းနဲ့ ချီးမြင့်ဂုဏ်ပြုမှုတွေကို ကမ္ဘာကလည်း သိအောင် ခရစ်ယာန်ဘာသာနဲ့ ဆုတောင်းကြတာပါ။ မိသားစုဝင်တွေအတွက်လည်း တောင်းပေးတယ်။ ကျဆုံးတဲ့ဝိညာဉ်များ အသက်ဝိညာဉ် ဘုရားနဲ့ဆိုင်တဲ့အတွက် ဆုတောင်းခြင်း အစီစဉ်တွေလုပ်ကြ တာဖြစ်တယ်” ဟု ပြောသည်။

လာရောက်သတိပေးသူများသည် မြစ်ကြီးနားရဲမှူးကြီး၊ မြို့နယ်စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ ဖြစ်ကြောင်း သိရသည်။

အောက်မေ့သတိရ ဆုတောင်းခြင်းသို့ရောက်ရှိသူများသည် ဝမ်းနည်းခြင်းအထိန်းအမှတ်ဖြင့် ပိတ်စ အနက်ရောင်များ ကိုယ်စီ လက်မောင်းတွင်ချီကာ ကချင်ရိုးရာ ခေါင်းပေါင်းနှင့် တဘက်များခြုံကာ ၀မ်းနည်းခြင်းသင်္ကေတများ လုပ်ဆောင်၍ ၀တ်ဆင်ကြသည်။

ယနေ့ ဆုတောင်းပွဲတွင် ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများမှလည်း အယောက် ၁၀၀၀ ကျော်ပါ၀င်တက်ရောက်ကာ ကချင်ပြည်နယ် ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ လူပေါင်းအားလုံး ၁ သောင်း ခန့် ပါ၀င်ခဲ့ ကြသည်ဟု ဦးဆောင်ခဲ့သော မြစ်ကြီးနားခရစ်ယာန်များကောင်စီမှ သိရသည်။

မြစ်ကြီးနားမြို့ စီတာပူမနောကွင်းတွင် ဆုတောင်းခြင်းကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကချင်လူထုသည် နိုဝင်ဘာလ ၁၉ ရက်နေ့က လိုင်ဇာမြို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗိုလ်လောင်း သင်တန်းကျောင်းသို့ အစိုးရတပ် လက်နက်ကြီး ၁၀၅ မမ ပစ်ခတ်မှုကြောင့်ကျဆုံးသွားသော အာဇာနည်များ ၂၃ ယောက်နှင့် ဒဏ်ရာရသူများအတွက် ၀မ်းနည်းကြီးစွာဖြင့် ဆုတောင်း ဆန္ဒထုတ်ဖော်ခြင်းလည်းဖြစ်သည်ဟု တက်ရောက်သူများမှ သိရသည်။

Most read this week