လေးပြင်းတိုက်ခိုက်မှုကြောင့် ဂျေယန့်ဒုက္ခသည်များ နေအိမ် ၆၁ အိမ် ပျက်စီး

လေးပြင်းတိုက်ခိုက်မှုကြောင့် ဂျေယန့်ဒုက္ခသည်များ နေအိမ် ၆၁ အိမ် ပျက်စီး
by -
ကေအဲန်ဂျီ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်အနီးရှိ စစ်ပြေးဒုက္ခသည်အများဆုံး နေထိုင်သောဂျေယန့်ဒုက္ခသည် စခန်းတွင် ယမန်နေ့ ဧပြီ ၁ ရက်နေ့ ညက လေပြင်းမုန်တိုင်းတိုက်ခိုက်ခြင်းကြောင့် ဒုက္ခသည်များနေအိမ် အဆောက်အအုံ စုစုပေါင်း  ၆၁ လုံး  ပျက်စီးသွားကြောင်း သိရှိရသည်။

ထိုသို့လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားသောနေအိမ်များသည် ကလေးမူကြိူကျောင်း ၂ ကျောင်း၊ စျေးတန်း ၁ ခု၊ ဒုက္ခသည် ကော်မတီရုံး ၃ ရုံး၊ လုံးဝပျက်စီးသွားသောနေအိမ် ၄ အိမ်၊ အမျိုးသမီးရုံး ၁ ရုံး
ဒုက္ခသည်နေအိမ် ၅၀ အိမ်ပျက် စီးသွားပြီး ဒုက္ခသည်များ ခက်ခဲရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။

ယမန်နေ့ည ၉ နာရီခွဲချိန်မှ စတင်တိုက်ခတ်သော လေသည်  နာရီဝက်ကျော်တိုက်ခိုက်ခဲ့ရာ ထိုသို့ လူနေအိမ်များ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း ဂျေယန့်ဒုက္ခသည်အထွေထွေ အတွင်းရေးမှူးဦးလဘန်နော်ဂျာ ကချင်သတင်းဌာနသို့ပြောသည်။

“အိမ်တွေတစ်ခါထဲ မြေကြီးလဲကျသွားတာ မိုးကာတွေပြဲ ခေါင်မိုးတွေလွှင့်စင်သွားတယ် လုံးဝပျက်စီးသွားတာက ၄ အိမ်ရှိတယ် ဒါတောင် အခုကအစမ်းပဲရှိသေးတယ်။ နေအိမ်တွေကအသစ်ဆောက်ရတော့မယ်လေ” ဟု ပြောသည်

အဆိုပါ လေပြင်းကြောင့် နေအိမ်မှာပျက်စီးသော်လည်း ဒုက္ခသည်များထိခိုက်မှုမရှိကြောင်း ယနေ့တွင်ဂျေယန့် ကော်မတီများမှ တတ်နိုင်သမျှ ပြန်လည်ပြုပြင်ပေးနေကြောင်းသိရှိရသည်။

ဂျေယန့်ဒုက္ခသည်စခန်းတွင် နေအိမ် ၆၀၀ ကျော်အတွက် အိမ်သစ်များပြန်လည်ဆောက်လုပ်ရန်လိုအပ်နေပြီး၊ ထပ်မံထွက်ပြေးလာသော ဒုက္ခသည်များအတွက်လည်း ကြာရှည်နေထိုင်မသင့်သော ပလတ်စတစ် ယာယီတဲအိမ်များကို  အသစ်ဆောက် လုပ်ပေးရန်လိုအပ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ အဆိုပါဒုက္ခသည်များအတွက် နေအိမ်သစ်များ ဆောက်လုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း အကောင်ထည်ဖော်ခြင်းမရှိသေးချိန် ယခုကဲ့သို့ အခက်ခဲများရင်ဆိုင်ရသောကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်နေရကြောင်း ပြောသည်။

၄င်းဂျေယန့်စခန်းအနီးရှိ ဂျေယန့်ချောင်းရေတွင် ၁၉၉၄ ခုနှစ်က ရေကြီးမှုဖြစ်ခဲ့ပြီး ဒေသခံများသေဆုံးမှုရှိ ခဲ့သောနေရာဖြစ်ကာ တဖက်တွင်လည်း လေကြောတွင်ရှိခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း လေပြင်းမုန်တိုင်းများ တိုက်ခတ်မှုဒဏ် ရင်ဆိုင်နေရကြောင်းသိရှိရသည်။

နွေရာသီအချိန်တွင် လေပြင်းမုန်တိုင်းများ အရှိန်ပြင်းပြင်း တိုက်ခိုက်လေ့ရှိသောကြောင့် ဒုုက္ခသည်များအတွက် အရာရာစိုးရိမ်ပူပန်နေရကြောင်းလည်း စခန်းကြည့်ရှုသော အဖွဲ့များကပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင်လည်း  ဗန်းမော်မြို့နယ် ဘွမ်စစ်ပါစခန်း ယာယီတဲတွင် မီးဖိုချောင်မီးဟူယူဆရသော မီးသည်  ည ၂ နာရီခန့်တွင် အရှိန်ပြင်းစွာလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မိခင်နှင့် ၃ နှစ်ရွယ် ကလေးငယ် ဒဏ်ရာပြင်းထန်စွာရရှိကာ ၁၃ နှစ်အရွယ် သမီးငယ် တဦး သေဆုံးသွားခဲ့သည်။

Most read this week