အစိုးရတပ်များလှုပ်ရှားမှုကို KIA ချုံခိုတိုက်ခိုက်

အစိုးရတပ်များလှုပ်ရှားမှုကို KIA ချုံခိုတိုက်ခိုက်
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသသို့ အစိုးရစစ်တပ် စကခ -၂၁ အောက် နည်းဗျူဟာ (၃) မှ စစ်အင်အား ၁၀၀ ကျော်ရိက္ခာနှင့် မြင်းအကောင် ၅၀ ကျော်ဖြင့် စစ်ကူလာ သောစစ်ကြောင်းနှင့် ဆဂနမ်ခွမ် (Saga Nam Hkum) သွားလမ်း အောင်နန် (Awng Nan) ရွာဟောင်းလမ်း တလျှောက်တွင် အောက်တိုဘာလ ၂၉ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်ကူ အင်အား ၁၀၀ ကျော်နဲ့ အရင်ပစ်ကြတာ ၂၈ ရက် ည ၉ နာရီမိုးချုပ်သွားတဲ့အထိ ပစ်ကြတာ ၂၉ ရက် မနက်တော့ စစ်ကူတွေနဲ့ စစ်ကူတွေကိုလာကြိုတဲ့သူတွေအပြင်းထန်ဆုံး ပစ်ခတ်ကြတာ” ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လဘန် ဂျွန်းအောင် (Major Labang Jawn Awng) က KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုသို့အင်အားတိုးချလှုပ်ရှားလာသော အစိုးရတပ်စစ်ကြောင်းကို KIA တပ်ရင်း (၁၂) ဝိုင်းထားဆဲ ဆဂနမ်ခွမ်သို့မရောက်သေးချိန် လမ်းခုလပ်တွင် ယမန်နေ့ညသန်းခေါင်ချိန်က KIA တပ်ရင်း (၁၂) ဖက်မှ ချုံခို၍ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအစိုးရစစ်ကြောင်းသည် နမ်ကောန် (Nam Gau)၊ အောင်နန် (Awng Nan)၊ နမ်အက် (Nam Ak) တွင် စစ်အင်အား ၂၀၀ ခန့်ချထားကြောင်းသိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ဖြစ်ပွားနေသောတိုက်ပွဲများသည် နေ့စဉ်ရက်ဆက်ဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်ဖက်တပ်များ လက်နက်ကြီးလက်နက်ငယ်များအသုံးပြုတိုက်ခိုက်မှုတွင် နှစ်ဖက် ထိခိုက်သေဆုံးမှုရှိကြောင်း KIA တပ်ရင်းမှူးပြောသည်။

ထိုသို့ နှစ်ဖက်ဆွေးနွေးမှုတွင် တိုက်ပွဲများလျှော့ချသွားရန်နှင့် အများပြည်သူသုံးလမ်းမများမှ နောက်ဆုတ်ရန် သဘောတူညီခဲ့သောကြောင့် KIA ဖက်မှ နောက်ဆုတ်ထားခဲ့သော်လည်း အစိုးရစစ်တပ်များလှုပ်ရှားမှုကြောင့် တိုက်ပွဲများစတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း KIA ဖက်မှပြောသည်။

“တိုက်ပွဲတွေဖြစ်ပြီးတော့ ဒီဆွေးနွေးပွဲမှာထိခိုက်မှုတော့မရှိဘူး ဒါမဲ့နည်းနည်းတော့ ထိရောက်မှုဖြစ်တာပေါ့ အပစ်မရပ်ထားလို့ သူတို့ဘက်က တပ်လှုပ်ရှားမှုတွေလုပ်ချိန်တဖက်နဲ့တဖက်တွေ့ပြီး ပစ်ခတ်နေတာ ဒီလိုဆွေးနွေးပွဲမှာ အစိုးရကနေလည်း နည်းနည်းတော့ ရှောင်ရှားသင့်တယ် စီမံချက်ရှိရှိနဲ့ လုပ်နေတယ် လို့မြင်တယ်” ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ KNG ကချင်သတင်းဌာန သို့ ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့တွင် တနိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေး အကြိုဆွေးနွေးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင် အသီးသီး ညီလာခံသို့ ရောက်ရှိနေစဉ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) နယ်မြေတွင် အစိုးရတပ်နှင့် နေ့စဉ် တင်းမာမှုတိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

Most read this week