ကောက်ရလာသောဗုံးပေါက်ကွဲ ၁ ဦးသေ၊ ၄ ဦးဒါဏ်ရာရရှိ

ကောက်ရလာသောဗုံးပေါက်ကွဲ ၁ ဦးသေ၊ ၄ ဦးဒါဏ်ရာရရှိ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ခွဲ လဘန်ကထောင်ကျေးရွာတွင် အောက်တိုဘာလ ရ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လယ်ကွင်းမှကောက်ရလာသော လက်ထောက်မော်တာ(ဗုံး)တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၄ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ၍ မြစ်ကြီးနားဆေရုံးကြီး၌ ဆေးကုသခံ နေရကြောင်း ဒေသခံ အသင်းတော်ဆရာများထံမှ သိရသည်။

အသက် ၂ နှစ်အရွယ် ဖောင်ယမ်လ အမည်ရှိကလေးငယ်မှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ၄င်းမိဘဖြစ်သူနှင့်အလည်ပတ်လာသော အိမ်နီးချင်း လူငယ်နှစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရသောအခြေအနေရှိနေကြောင်း အသင်းတော်ဆရာဦးဂွန်ဂျော်လီက ပြောသည်။

အရေးပေါ်လူနာခန်းမှ သေဆုံးသူကလေးဖခင် ဦးဖောင်ယမ်လဂျာ

သူက “မနက်ပိုင်းဧည့်ခန်းထဲမှာ  လူကြီးတွေက လယ်ကွင်းထဲက ကောက်လာတဲ့ဗုံးကို တယောက်တလှည့်စီ ကိုင်နေကြတာ ဘာမှမဖြစ်ဘူး၊ ဘေးနားမှာရှိတဲ့ကလေးက အဲဒီဗုံးကိုင်ဆော့ကစားပြီး ထုလိုက်ပုံရတယ်၊ အဲဒါနဲ့ ပေါက်ကွဲသွားပြီး ကလေးပွဲချင်းပြီး အဲဒီမှာသေသွားတယ်၊ ကလေးရဲ့ ဖခင်လည်း တော်တော်စိုးရိမ် ရတဲ့အခြေအနေရှိတယ်” ဟု ဆိုသည်။

ထိုပေါက်ကွဲမှုတွင် သေဆုံးသွားသောကလေးငယ်၏ မိဘများ ဦးဖောင်ယမ်လဂျာနှင့် ဒေါ်ဘောက်ဂျာတို့နှစ်ဦး စလုံး ထိခိုက်ဒဏ်ရာရရှိပြီး အိမ်နီးချင်းမှ လူငယ်အင်ဒတန်နှင့် ဇင်ထုန်းလတို့လည်း ဒါဏ်ရာရရှိကာ ၄င်းတို့ကို မြစ်ကြီးနားဆေးရုံးကြီးသို့ တင်ထားဆဲဖြစ်သည်။

သေဆုံးသူ၏ဖခင် ဦးဖော်ယမ်လဂျာမှာ လိမ်အင်္ဂါတွင်ထိခိုက်ထားသောကြောင့် အခြေအနေစိုးရိမ်နေရကာ မြစ်ကြီးနားဆေးရုံးကြီး အရေးပေါ်လူနာခန်းတွင် အောက်ဆီဂျင်ပေးထားရကြောင်း တာဝန်ကျဆေးရုံ သူနာပြုတစ်ဦးထံမှ သိရသည်။

အဆိုပါ လက်ထောက်ဗုံးသည် လဘန်ကထောင်ကျေးရွာအနီးတွင် ယခင်နှစ် မြန်မာအစိုးရတပ်နှင့် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ချိန် လယ်ကွင်းတစ်ခုတွင် ပေါက်ကွဲမှုမအောင်မြင်ပဲ ကျန်ရစ်ထားသော ဗုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုဗုံးအား ဦးဖောင်ယမ်လဂျာက တွေ့ရှိကာ ရွာသို့ယူဆောင်လာခြင်းဖြစ်ရာ ၄င်းကိုရွာသားများက တယောက်တလှည့်ကိုင်ကြည့်ပြီး ဟောင်းနေသောဗုံးဖြစ်ကြောင်း ပြောဆိုနေကြသည်။

ယခုအခါ မြစ်ကြီးနားဆေရုံ အရေးပေါ်လူနာခန်းတွင် လက်ရှိလူနာ ၈ ဦးရှိသည့်အနက် ရာဇဝတ်သား ဟုယူဆရသော မသင်္ကာသူ လူနာတစ်ဦးကိုဒေသခံရဲများစောင့်ကြည့်နေသောကြောင့် အရေးပေါ်လူနာ ခန်းတွင် ရဲများ ၅ ဦး ထက်မနည်း လုံခြုံရေးချထားကြောင်း သိရသည်။

Most read this week