သတင်းမီဒီယာများကို ထိန်းချုပ်ထားသည့် “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း” ကို BNI ကန့်ကွက်

သတင်းမီဒီယာများကို ထိန်းချုပ်ထားသည့် “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း” ကို BNI ကန့်ကွက်
by -
ကချင်သတင်းဌာန

အစိုးရပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲတင်သွင်းသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့်အပေါ် နိုင်ငံတကာ မြန်မာ့သတင်း (Burma News International- BNI) က သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေသည်ဟု ကန့်ကွက်လိုက်သည်။

ဇူလိုင်လ ၄ ရက်နေ့က ပြည်သူ့လွှတ်တော်တွင်အတည်ပြုလိုက်သည့် အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းသည် သတင်းမီဒီယာများကို မှတ်ပုံတင်ခြင်းဖြင့် ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး လွပ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို အကြီးအကျယ်ထိခိုက်စေသည်ဟု နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ ဖွံ့ဖြိုရေးအရာရှိ နန်းဖော့ဂေကပြောသည်။

“ဒီမှတ်ပုံတင်ခြင်းတွေဟာလည်း ဒီမိုကရေစီစနစ်နဲ့ သွေဖည်နေသလို ဒါဟာ ထိန်းချုပ်မှုတမျိုးဖြစ်တာမို့ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကိုလည်း ထိခိုက်စေပါတယ်။ နိုင်ငံတကာ စံချိန်နဲ့ သတ်မှတ်ထားတဲ့ သတင်းမီဒီယာရဲ့ ကျင့်ဝတ်၊ သတင်းထောက်တွေရဲ့ ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်ထဲမှာ ပုံနှိပ်ထုတ်ဝေခြင်း အပါအဝင် အသံလွှင့်၊ ရုပ်သံ၊ အွန်လိုင်း စတာတွေကို မှတ်ပုံတင်ဥပဒေနဲ့ ကန့်သတ်မထားသင့်ပါဘူး”

အဆိုပါ ဥပဒေမူကြမ်းတွင် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တမျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာစေမည့်အကြောင်းအရာများဖော်ပြခြင်းများကိုလည်း ပုံနှိပ်ခြင်း ထုတ်ဝေခြင်း ခွင့်မပြုကြောင်း ပြဌာန်းထားသည်။

“လက်ရှိအချိန်မှာ အပစ်အခတ်ရပ်စဲရေးတွေ မတည်တံ့သေးသလို တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ရှိနေသေးတဲ့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကလည်း ဆက်ရှိနေပါတယ်။ ဒီလိုအခြေအနေမှန်တွေကို လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို သွားရောက်ထိခိုက်စေနိုင်ပါတယ်” ဟု နိုင်ငံတကာ မြန်မာ့သတင်း BNI အဖွဲ့ ဖွံ့ဖြိုရေးအရာရှိ နန်းဖော့ဂေ ကပြောသည်။

နိုင်ငံတကာ မြန်မာ့သတင်း BNI သည် အဓိက တိုင်းရင်းသားဒေသများကို အထူးပြုပြီး မြန်မာနိုင်ငံအတွင်းရှိ အဖြစ်အပျက်များကို ပြည်တွင်း နှင့် နိုင်ငံတကာမှ ပိုမိုနားလည် သိရှိနိုင်ရန်အတွက် အရည်အသွေး ပြည့်မှီသည့် ဘက်စုံသတင်းမီဒီယာလုပ်ငန်းများ ဦးတည်လုပ်ဆောင်သွားရန် ရည်မှန်းချက်ထား လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်သည်။

“အခု ဥပဒေကြောင့် တိုင်းရင်းသား မီဒီယာတွေကို တိုင်းရင်းသား ပြည်နယ်တွေမှာ အကြောင်းအမျိုးမျိုးပြပြီး ဒေသဆို်င်ရာ အာဏာပိုင်တွေက ပိုမို ထိန်းချုပ်လာနိုင်တဲ့အတွက် တိုင်းရင်းသား မီဒီယာတွေ ဖွ့ံဖြိုး တိုးတက်မူ အပိုင်းကို ပိုမိုပြီး ထိခိုက်နိုင်တယ်လို့ မြင်ပါတယ်” ဟု BNI အဖွဲ့ဝင် အယ်ဒီတာတဦးဖြစ်သူ ခိုင်မြတ်ကျော်က ပြောသည်။

တိုင်းရင်းသတင်းဌာနများပါ၀င်သည့် BNI တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ရှိပြီး ၄င်းတို့သည် မွန်အေဂျင်စီသတင်းဌာန၊ ကချင်သတင်းဌာန (KNG)၊ ကုလားတန်၊ ကန္တရာဝတီတိုင်း(မ်)၊ ရွှေဟင်္သာ၊ ကေအိုင်စီ၊ ခိုနှုမ်းထုန်၊ မဇ္စျိမ၊ နိရဥ္စရာ၊ အဲန်အမ်ဂျီ၊ သျှမ်းသံတော်ဆင့် စသည့် သတင်းဌာနများဖြစ်ကြသည်။

အလားတူ အဆိုပါ ဥပဒေမူကြမ်းနှင့်ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ယက်မှလည်း ဇူလိုင် ၅ ရက်သဘောထုတ်ပြန်ချက်ဖြင့် ‘ပုံနှိပ်စက်များကို မှတ်ပုံတင်စေခြင်းနှင့် မှတ်ပုံတင်သက်တမ်း သတ်မှတ်ခြင်း အစရှိသည့်အချက်များသည် ပုံနှိပ်သတင်းမီဒီယာ၏ လွတ်လပ်ခွင့်ကို တဖက်လှည့်ထိန်းချုပ်ရန် ကြိုးစားမှုတစ်ခုဖြစ်သည် ဟု မှတ်ယူပြီး တနည်းအားဖြင့် လွတ်လပ်စွာရေးသားမှုများကို ပုံနှိပ်ပေးမည့်သူအား ချုပ်ကိုင်ထားခြင်းကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် ထိပါးခံရခြင်းဟု နားလည်ကြောင်း’ ထောက်ပြခဲ့သည်။

“အရေးကြီးတဲ့ထောက်ပြချက်ကတော့ မှတ်ပုံတင်ခြင်းဆိုတဲ့ဟာမျိုး လိုင်စင်သဘောမျိုးကို အဓိကထောက်ပြတာပါ။ ပုံနှိပ်သူလိုင်စင်ဖြစ်ဖြစ် ထုတ်ဝေသူလိုင်စင်ဖြစ်ဖြစ် ဒီဟာက တနည်းအားဖြင့် သတင်းလွတ်လပ်ခွင့်ကို ချုပ်ကိုင်ခြင်းလို့နားလည်တယ်။ ထုတ်ဝေသူ၊ လုပ်ငန်းရှင်တွေ၊ ပိုင်ရှင်တွေ မီဒီယာပိုင်ရှင်တွေဟာ သူတို့ရင်းနှီးထားတဲ့ အကျိုးစီးပွားတွေ သူတို့ထူထောင်ထားတဲ့ ဥပမာ- ဂျာနယ်တစောင် ပဲဖြစ်ဖြစ် မဂ္ဂဇင်းတစောင်ပဲဖြစ်ဖြစ် တခုခုက လိုင်စင်ပိတ်လိုက်ရင် အဲဒီနာမည်လည်းဆုံးရှုံးသွားမယ်။ သူတို့ပျိုးထောင် လာတဲ့ဟာ သူတို့ရတဲ့ဝင်ငွေတွေလည်း ဆုံးရှုံးသွားမယ်။ သူတို့တွေကလိုင်စင်သိမ်းမခံ ချင်ကြဘူးလေ။ ဒါကြောင့် ထုတ်ဝေသူတွေကသော်လည်းကောင်း ပုံနှိပ်သူတွေကသော်လည်းကောင်း ပုံနှိပ်ရဲမှာမဟုတ်ဘူး။ ထုတ်ဝေရဲမှာ မဟုတ်ဘူး အဲဒါကြောင့် နှောင်လာမဲ့ဟာမှာ ၁၉၆၂ ဥပဒေလို အလားတူဟာမျိုးကို ကျွန်တော်တို့က မလိုလားတာ ကန့်ကွက်တာပါ” မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော် KNG ကချင်သတင်းဌာန သို့ပြောသည်။

သတင်းမီဒီယာများကန့်ကွက်နေသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲနိုင်ရန် စာနယ်ဇင်းကောင်စီအနေဖြင့်လည်း အမျိုးသားလွှတ်တော်နှင့် ကော်မတီအသီးသီးသို့ တင်ပြဆွေးနွေးသွားရန် ပြင်ဆင်နေကြောင်း ဦးမြင့်ကျော်ကပြောသည်။

“အခုက အမျိုးသားလွှတ်တော်ကျန်သေးတယ် အမျိုးသားလွှတ်တော်တို့ဘာတို့ကိုလည်း စာနယ်ဇင်းကောင်စီ အနေနဲ့ ဒီအချက်အလက်တွေကိုနားလည်အောင်ရှင်းပြဖို့လည်း အစီစဉ်ရှိပါတယ်။ ဘယ်တော့မှာ အမျိုးသားလွှတ်တော်တင်မယ်တော့မသိသေးဘူး။ ဒါမဲ့ ဒီကြားထဲမှာတော့ တတ်နိုင်သမျှတော့ စာနယ်ဇင်းကောင်စီကလည်း သမ္မတရုံးတို့ လွှတ်တော်ဥက္ကဌတို့ အမျိုးသားလွှတ်တော်ကော်မတီတွေ နောက် ဒေါ်အောင်ဆန်းစုကြည်ကော်မတီကို စသဖြင့်ပေါ့နော်။ အဲဒီလွှတ်တော်ကော်မတီတော်တော်များများကိုလည်း ရှင်းပြတဲ့စာတွေပို့ဖို့လည်း စိတ်ကူးထားတယ်။ အစီစဉ်ရှိတယ် နောက်တခုကတော့ လူကိုယ်တိုင် သွားပြီးတော့လည်း လွှတ်တော်ဥက္ကဌတို့ လွှတ်တော်က ကော်မတီတွေနဲု့တွေ့ဖို့လည်း အစီစဉ်ရှိပါတယ်ခင်ဗျ။”

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို “ဒီမိုကရေစီစနစ်သို့ ဦးတည်ကာ လျှောက်လှမ်းမည်ဟု မြန်မာနှင့်နိုင်ငံတကာကို အသိပေးကြေညာထားသည့် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ၁၉၆၂ ခုနှစ်ဥပဒေနှင့် အလားတူသည့်ဥပဒေဖြင့် ပုံနှိပ်ထုတ်ဝေခြင်းများနှင့်ရေးသား ဖေါ်ပြခြင်းများကို ထိန်းချုပ်ရန်မသင့်ဟု” မြန်မာစာဂျာနယ်လစ်ကွန်ရက်မှ ဆိုသည်။

နိုင်ငံတကာ မြန်မာ့သတင်း BNI ကလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေသည် သတင်းမီဒီယာများ အား တနည်းတဖုံံဖြင့် ထိန်းချုပ်ခြင်းသာ ဖြစ်သဖြင့် ဤ ဥပဒေမျိုး လိုအပ်ခြင်းမရှိဟုပြောဆိုသော်လည်း တဖက်တွင် အစိုးရအနေဖြင့် “တိုင်းပြည်ပြောင်းလဲနေဆဲမို့ ဒီဥပဒေကို ထားရှိမယ်ဆိုရင်လည်း အနည်းဆုံး သက်တမ်း ၅နှစ်လောက်ရှိသင့်တယ်လို့ BNI အနေနဲ့ အကြံပြုချင်ပါတယ်” ဟု ဖွံ့ဖြိုရေးအရာရှိ နန်းဖော့ဂေကပြောဆိုသည်။

BNI မှ ကြီးမှူး၍ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်သော ပထမအကြိမ်တိုင်းရင်းသားမီဒီယာညီလာခံ တွင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရများအနေဖြင့် မိမိတို့ဒေသအတွင်း ပုံနှိပ်သတင်း၊ ရေဒီယို၊ ရုပ်သံလုပ်ငန်းများ၊ သတင်းမီဒီယာ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လွပ်လပ်စွာအကောင်အထည် ဖော်ဆောင်ရွက်သွားရန် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

Most read this week