ကချင်ရိုးရာနှင့် သမိုင်း ဘာသာရပ် ကျောင်းဆင်းပွဲ လိုင်ဇာ တွင်ပြုလုပ်

ကချင်ရိုးရာနှင့် သမိုင်း ဘာသာရပ် ကျောင်းဆင်းပွဲ လိုင်ဇာ တွင်ပြုလုပ်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ကချင်ရိုးရာနှင့် သမိုင်းဘာသာရပ် ကျောင်းတခု ဖွင့်လှစ်ထားရာ ဇွန်လ ၂၉ ရက်နေ့တွင် ပထမကြိမ်မြောက် ကျောင်းဆင်းပွဲအဖြစ် လိုင်ဇာမြို့ မနောကွင်း မဂျွယ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘာသာရပ်များတွင် ရိုးရာအဝတ်အထည်၊ အစားအစာ၊ အနေအထိုင်၊ အမူအယာ၊ သံစဉ်တီးလုံး၊ အက၊ အတီးအမှုတ်တူရိယာစုံ၊ လက်မှုပညာ၊ ကချင်သမိုင်းကြောင်း၊ အခြားဘာသာစကားအဖြစ် တရုတ်စာများကို ပို့ချပေးနေခြင်းဖြစ်ကြောင်း ကျောင်းသားများမှသိရသည်။

ကျောင်းဆင်းပွဲအခမ်းအနားတွင်လည်း ရိုးရာနှင့် သမိုင်းကျောင်းမှ သင်ယူခဲ့သော ဘာသာရပ်များကို အများသူသိစေရန် ရှားပါးတူရိယာအတီး အမှုတ်၊ သံစဉ် (music) အသံနေ အသံထားနှင့် သံစုံ တို့ကို တမျိုးစီ တမူထူးခြားစွာ ကျောင်းသားများကိုယ်တိုင် စွမ်းရည် ပြသ မိတ်ဆက်ပေးခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး အင်ဒိန်တောင်ရာ (Nding Tawng Ra) ကပြော သည်။

“အခုလို အခမ်းအနားအစီအစဉ်မှာ တချို့ထည့်ဖြစ်သွားတာက ရိုးရာနဲ့ သမိုင်းကျောင်းမှာ ဘာတွေကို သင်ကြားနေတယ်။ ဆိုတာပြသချင်လို့ပဲ အဓိကတော့ ရှားပါးတူရိယာ ထူရဲန် (Htung Reng) အတီးအမှုတ်ပညာကို ပြသတဲ့ သဘောလည်းဖြစ်တယ်” ဟုပြောသည်။

ထိုကျောင်းမှဆင်းသော ကျောင်းသားများကို မိမိဌာနသို့ရောက်ရှိချိန် ပြန်လည် အမှုထမ်းဆောင်ရန်နှင့် မိမိတတ်မြောက်ထားသောပညာရပ်များအား တဆင့်ပြန်လည် သင်ကြားပေးရန်ဖြစ်ကြောင်း တတိယဆု ရရှိသောကျောင်းသူ တစ်ဦးကပြောသည်။

“ဒီကပြန်လို့ရှိရင် ဌာနချုပ်ကကျလာတဲ့ နေရာဒေသကို သွားပြီးတာဝန်ထမ်းဆောင်ရမယ်။ အဲဒီမှာ ရိုးရာနဲ့သမိုင်းကျောင်းမှာ ပို့ချသွားတဲ့ဘာသာရပ်တွေကိုဘဲ ပြန်လည်ပို့ချ သွားမှာ ဖြစ်တယ်”

KIO နယ်မြေတွင် ဖွင့်လှစ်ထားသောကျောင်းတွင် သင်ကြားရခြင်းကြောင့် ထိုကျောင်းတက်သူများသည် အခြေခံစစ်သင်တန်းပညာ သင်ယူရပြီး အခြားလူမျိုးများ၏ ရိုးရာများကို သင်ကြားရကြောင်းသိရသည်။

ကျောင်းတက်ချိန်ကာလ ၂ နှစ်ဖြစ် ပြီး နှစ်စဉ်ကျောင်းသားဦးရေ ၃၅ မှ ၅၀ ဦးထိ လက်ခံကြောင်း သိရသည်။ အဆိုပါကျောင်းကို KIO မှ ထောက်ပံ့ပေးထားပြီး၊ ကျောင်းသားများအတွက် ဘော်ဒါဆောင်များစီစဉ်နေရာချ ပေးကြောင်းသိရသည်။

ရိုးရာနှင့်သမိုင်း ကျောင်းများကို ဒီပလိုမာဘွဲ့လက်မှတ်ချီးမြှင့်နိုင်ရန် စီစဉ်ထားသော်လည်း၊ ယခုနှစ်တွင် နိုင်ငံရေးအခြေအနေအရ မလုပ်ဆောင်နိုင်ခဲ့ကြောင်း ကျောင်းကော်မတီဝင် ဗိုလ်ကြီးတစ်ဦးကပြောသည်။

“ကျောင်းတက်ဖို့ကမ်းလှမ်းထားတဲ့ ဌာနပေါင်းစုံကလူတွေ မရောက်လာနိုင်ဘူး။ ကျောင်းစဖွင့် ချိန် နိုင်ငံရေးအခြေအနေလည်းမကောင်း ကျောင်းသားတွေက စာကောင်းကောင်းမသင်နိုင်ဘူး။ ခဏပြန်ပြီးတိမ်း ရှောင်လိုက် သင်လိုက်နဲ့ ဆိုတော့၊ တချို့ ကျောင်းသားတွေက အိမ်ပြန် သွားပြီးကျောင်းပြန်မ လာတက်တော့တဲ့ သူတွေလည်းရှိတယ်။ ဒါကြောင့်ဒီနှစ်ကို ဒီပလိုမာ မပေးလိုုက်ရဘူး။ လာမဲ့နှစ်မှာတော့ စနစ်တကျပြန်လုပ်ဖို့ အစီအစဉ်ရှိတယ်” ဟု ဆိုသည်။

ယခုနှစ်ကျောင်းဆင်းသော ကျောင်းသားဦးရေမှာ (၁၅) ယောက်ဖြစ်ပြီး၊ ကျောင်းစဖွင့်ချိန် လူဦးရေ (၃၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

Most read this week