တိုင်းရင်းသား လူငယ်များ အတွက် နိုင်ငံသားနှင့် ဆိုင်သော သင်တန်း ပို့ချပေးနေ

တိုင်းရင်းသား လူငယ်များ အတွက် နိုင်ငံသားနှင့် ဆိုင်သော သင်တန်း ပို့ချပေးနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် နှစ်ခြင်းခရစ်ယာန်လူငယ်များ ဦးစီးကာ ယနေ့ခေတ်ကာလတွင် လူငယ်များ သိသင့် သိထိုက်သောပညာရပ်များဆိုင်ရာ (Civic Education) သင်တန်းတခုကို မြစ်ကြီးနား စီတာပူရပ်ကွက်တွင် ပြုလုပ်နေကြောင်း သိရသည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သောကာလတွင် တိုင်းရင်းသားလူငယ်များအနေဖြင့် သိသင့် သင်ထိုက်သော နိုင်ငံနှင့်ဆိုင်သော ပညာရပ်များကို ပို့ချပေးနေခြင်းဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဆရာ ဂျာယုံး ကပြောသည်။

“လူ့အခွင့်အရေး၊ သတင်းမီဒီယာ၊ Monitoring and Community၊ ခေါင်းဆောင်မှုပညာရပ်၊ ကချင်နိုင်ငံရေးခေါင်းဆောင်များရဲ့သမိုင်း (Kachin Politic Histories)၊ ဒီမိုကရေစီ နှင့်ဖယ်ဒရယ်ပြည်ထောင်စု စတာတွေကို လူငယ်များသိသင့်တယ်လို့ ယူဆပြီး ပို့ချတာ ဖြစ်တယ်”

သင်တန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အောက် သတ်မှတ်ထားသော ဒေသများ အလိုက် သင်တန်းသား/သူများ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် တံလမ်းဒေသ (မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဆားမှော်)၊ ဖါးကန့်မြို့နယ်၊ ၀ိုင်းမှော်မြို့နယ်၊ ဗန်းမော် ခရိုင်၊ မြစ်ကြီးနား ခရိုင် တို့မှ လူငယ်များနှင့် စစ်ပြေးဒုက္ခသည် လူငယ်များ အယောက် ၄၀ တက်ရောက်လာကြောင်း သိရသည်။

ထိုကဲ့သို့ လေ့လာခြင်းအားဖြင့် မိမိ၏ ပတ်ဝန်းကျင်ဒေသတွင် တဖန်ပြန်လည်အကျိုးပေးနိုင်ရန်နှင့် လူငယ်များ မိမိကိုယ်ကို ကာကွယ်မှုပေးနိုင်သောသူများဖြစ်စေရန် ရည်ရွယ်သည်ဟု သင်တန်းဖြစ်မြောက်ရေး တာဝန်ရှိသူများက ပြောသည်။

ယခုလို သင်တန်းမျိုးကို လူမှုအဖွဲ့အစည်းအသီးသီးက မကြာခဏ ဆိုသလို ပြုလုပ်နေသော်လည်း လူငယ်များအဖွဲ့အစည်း တရားဝင်ပေါ်ပေါက်စေရန် မဆောင်ရွက်နိုင်ခဲ့ ကြောင်း လည်း ခေါင်းဆောင်မှုသင်တန်းတက်ခဲ့သော မစီစီမီး ကပြောသည်။

“မြစ်ကြီးနားမြို့ တင်မကဘူး၊ တခြားမြို့တွင်မှာလည်း NGO၊ INGO လူမှုအဖွဲ့ အစည်းတွေရဲ့ အကူအညီနဲ့ ဒီလို Civic Education Training၊ ဥပဒေ-အမြင်ဖွင့်သင်တန်း၊ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးသင်တန်း၊ သတင်းမီဒီယာသင်တန်း၊ လူအခွင့်အရေးသင်တန်း၊ ငြိမ်း ချမ်းရေးသင်တန်း တခြားသင်တန်းတွေ အများကြီး လုပ်တယ်။ ပြီးတော့လူငယ်တွေ အဖွဲ့အစည်းသစ်ဖွဲ့ကြတယ်။ ဒါပေမဲ့ အဖွဲ့အစည်းကို မှတ်ပုံတင်ကြဘူး။ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေလည်း မကျလာဘူး။ ဒါနဲ့ဘဲလူငယ်အဖွဲ့အစည်းရှိနေပေမဲ့၊ လူသိသူသိဖြစ်အောင် မလုပ်နိုင်ဘူး။ အခွင့်အရေးမရဘူး” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

သင်တန်းအတွက်လိုအပ်သော အကူအညီများကို Ning Tawn Kachin Education Support Group မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ယခုပြုလုပ်နေသော Civic Education သင်တန်း ကို မေလ (၂၀) ရက်နေ့မှ ဇူလိုင်လ (၄) ရက်နေ့အထိ (၄၅) ကြာ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week