ဇိုင်းအောင် ဒုက္ခသည်စခန်း ကူးစက်ရောဂါစတင်ဖြစ်ပွါး ဆေးဝါးအထူးလိုအပ်နေ

ဇိုင်းအောင် ဒုက္ခသည်စခန်း ကူးစက်ရောဂါစတင်ဖြစ်ပွါး ဆေးဝါးအထူးလိုအပ်နေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ယခုမိုးဦးကျကာလ  ၀မ်းပျက်၊ ၀မ်းလျှောရောဂါနှင့် နှာစေးချောင်းဆိုး ကူးစက်ရောဂါစတင်ဖြစ်ပွါးနေပြီး ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

zai-awng-kachin-idp-camp 600 400

ထိုသို့ဖြစ်ရခြင်းမှာ ရေကို ကြိုချက်သောက်သုံးခြင်းမရှိခြင်း၊ လူများခြင်းနှင့် အေးမြသည့်ရာသီဥတုကြောင့် ကလေးငယ်များ အဖြစ်များနေသည်ဟု ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းမှ ကျန်းမာရေးမှူး ဆရာမ လဂီထုလွမ် (Lagyi Htu Lum) က KNG ကချင်သတင်းဌာန သို့ပြောသည်။

“အဓိက ကလေးဆေးက လုံးဝခက်ခဲနေတာ။ တချို့က လေထိုးပြီးတော့ ဝမ်းလျှောတယ်။ တချို့က ဝမ်းမသွားဘဲနဲ့ အန်နေတာ။ ၁ နှစ်ကျော်ကနေ  ၅ နှစ် အရွယ်တွေမှာဖြစ်နေတာ။ အခုက ဓာတ်ဆားပေး ဖို့တောင်မရှိဘူး။”

ထို့ပြင် ၎င်းဒုက္ခသည်စခန်းတွင် HIV/AIDS ရောဂါဖြစ်ပွားသူ ၃၀ ကျော်၊ အဆုတ်တီဗီရောဂါဖြစ်ပွားသူ ၂၀ ကျော်ရှိနေပြီး ဇန်နဝါရီလအတွင်း HIV/AIDS ရောဂါသည်မှ မွေးဖွားသော ကလေး ၄ ဦး၊ လူကြီး ၁ ဦးနှင့် အဆုတ်ရောဂါဖြစ်သူ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

 လိုင်ဇာမြို့  HIV/AIDS ဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုခြင်း၊ ရောဂါဖြစ်သူများ၏ နာမည်စာရင်း များ ကောက်ခံသွားခြင်း  ပြုလုပ်သွားသော်လည်း ယခုချိန်ထိ တစုံတရာ လာရောက် ကူညီပေးခြင်း မရှိသေးကြောင်း ဇိုင်းအောင် ကျန်းမာရေးဌာနမှ ပြောသည်။

၎င်းဒုက္ခသည်စခန်းတို့တွင် ကျန်းမာရေးအဖွဲ့မှ အိမ်သာများ စစ်ဆေးပေးခြင်း၊ ၀က်ခြံများ၊ မီးဖိုချောင်များကို ကြည့်ရှုပြုလုပ်ပေးပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် ပညာပေး ဟောပြောပွဲများကို တစ်လ နှစ်ကြိမ် ပြုလုပ်ပေးနေကြောင်း သိရသည်။

တစ်ဖက်တွင် မေလ ၂၅ ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံတော့မည်ဖြစ်သဖြင့်ကျောင်းသုံး ပစ္စည်းကိရိယာများ လိုအပ်နေကြောင်း ဇိုင်းအောင်ဒုက္ခသည်စခန်းမှ ကျောင်းအုပ်ကြီး ဒေါ်ရွယ်ဂျီး ကပြောသည်။

“ကျောင်းစာက ဇွန် ၁ ရက်မှာ စ သင်တော့မယ်ဆိုတော့ ကလေးတွေအတွက်  ဗလာစာအုပ်၊ ဖိနပ်၊ ထိီး၊ ကျောင်းဝတ်စုံကအစ။ အစစ အရာရာအားလုံး လိုတယ်။ ကျောင်းက ဒီမှာတက်လို့ရတဲ့သူတွေ အားလုံးကိုလက်ခံတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေရှိ မုန်ဂါဇွပ် (Mungga Zup) ဟု လည်းခေါ်သည့် ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် လူဦးရေ ၂၀၀၀ ကျော်အနက် ကျောင်းသား ရ၂၁ ဦးရှိပြီး သူငယ်တန်းမှ ၈ တန်းထိ သင်ကြားပေးနေကြောင်း သိရသည်။

Most read this week