တိုက်ပွဲကာလ ဌာနေပြန် စီးပွားရေးသမားများ လိုင်ဇာသို့ ပြန် ၀င်လာ

တိုက်ပွဲကာလ ဌာနေပြန် စီးပွားရေးသမားများ လိုင်ဇာသို့ ပြန် ၀င်လာ
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့ကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့့် လိုင်ဇာမြို့မှ နေရပ်ပြန်သွားခဲ့သော စီးပွားရေးသမားများသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ရွှေလီမြို့ တွေ့ဆုံဆွေးနွေးပွဲနောက်ပိုင်း လိုင်ဇာသို့ တဖြေးဖြေးချင်း ပြန်လည် ၀င်ရောက်လာကြောင်း သိရသည်။

“အရင်က ဗန်းမော်၊ မြစ်ကြီးနား၊ မူဆယ် ဖက်ကနေ စျေးဆိုင်လာဖွင့်စား စျေးရောင်းပြီးလာနေတဲ့လူတွေ တိုက်ပွဲဖြစ်တုန်းမှာတော့ အကုန်ပြန်သွားတာလေ။ အခု ပြန်လာဖွင့်တာ များလာတယ်။ ဒီ ၁၁ ရက်နေ့ ရွှေလီမှာ ဆွေးနွေးပြီးတဲ့နောက်ပိုင်း သိသိသာသာ များလာတယ်။ နည်းနည်းတော့ပြန်စည်လာတယ်။ အရမ်းကြီးတော့မဟုတ်ဘူးလေနော်။ တကယ့်စီးပွားရေး အကြီးစားတွေတော့ မတွေ့သေးဘူး”

၂၀၁၁ ဇွန်လမှ ဖြစ်ပွားခဲ့သည့် အစိုးရနှင့် KIO အကြား တိုက်ပွဲများသည် ၂၀၁၃ နှစ်စပိုင်းအတွင်း ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး KIO ဌာနချုပ်လိုင်ဇာမြို့သို့ လက်နက်ကြီးများ ကျရောက်လာကာ လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် လိုင်ဇာမြို့ရှိ အဆိုပါ ကုန်သည်များ နေရပ်ပြန်သွားခဲ့ပြီး ကုန်သွယ်ရေး လုပ်ငန်းများ စျေးကွက်များ အားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲများကြောင့် တနှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ဗန်းမော်-မြစ်ကြီးနား ကားလမ်းကိုလည်း မတ်လ ၁၈ ရက်နေ့မှ စ၍ ဒေသခံများ သွားလာနေပြီဖြစ်ကြောင်း သိရသည်။

သို့သော် တိုက်ပွဲငယ်များ မကြာခန ကြိုကြားဖြစ်ပေါ်နေသလို နှစ်ဖက် ဆွေးနွေးချက်များ အကောင်အထည် မဖော်နိုင်သ၍ ယုံကြည်မှုမရှိနိုင်သေးပဲ စိုးရိမ်စရာ ဖြစ်နေသေးကြောင်း လိုင်ဇာဒေသခံတစ်ဦးကသုံးသပ် ပြောဆိုသည်။

“ဆွေးနွေးနေသေးတဲ့အချိန်ဆိုတော့ နောက်ဘယ်လိုဖြစ်လာမယ်ဆိုတာလည်း ကောင်းကောင်းမပြောနိုင်သေး ဘူး။ ဆွေးနွေးနေရင်လည်း တချို့နေရာတွေမှာတော့ ပစ်ခတ်တာတွေရှိသေးတယ်လေ။ အရင်ကလိုလိုင်ဇာ မှာ မပစ်ခတ်တာပဲရှိတယ်။ အဲဒါကြောင့် ကောင်းကောင်းပြောလို့ မရသေးဘူး။ မပြောနိုင်သေးဘူး။ ဖြစ်လာတဲ့ အချိန်မှာပဲ အော်ဟုတ်ပါလားလို့ ပြောလို့ရမယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လိုင်ဇာမြို့သည် တရုတ် နယ်စပ်ဒေသဖြစ်သောကြောင့် တရုတ်ပြည်သာမက ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ မူဆယ်၊ ဖားကန့် နှင့် အောက်ပြည်နေရာဒေသ အသီးသီးမှ ကုန်သည်များဝင်ရောက်လာကာ ကျောက်လုပ်ငန်း၊ အထည်လုပ်ငန်း၊ ယာဉ်အရောင်းအဝယ်နှင့် ကုန်ပစ္စည်းအရောင်းအဝယ် စသည့်လုပ်ငန်း များဖြင့် စည်ကားသောနေရာဖြစ်သည်။

Most read this week