KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/သားများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနိုင်ဦးမည် မဟုတ်

KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/သားများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနိုင်ဦးမည် မဟုတ်
by -
ကချင်သတင်းဌာန

မကြာမီ ဖြေဆိုရမည့် ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ (၁၀) တန်းကျောင်းသူ/သားများ သွားရောက်ဖြေဆိုနိုင်ခြင်း ရှိမည်မဟုတ်ကြောင်း ဒုက္ခသည် ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မြန်မာအစိုးရတပ်နှင့် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍  KIO ထိန်းချုပ်နယ်မြေသို့ ခိုလှုံလာသော ဒေသခံကျောင်းသူ/ သားများ၏ သွားလာရန်နှင့် လုံခြံုရေးအရ အခက်အခဲ ဖြစ်သဖြင့် အစိုးရ အုပ်ချုပ်သည့် နယ်မြေသို့ သွားရောက်ဖြေဆိုရန် မဖြစ်နိုင်တော့ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဌ ဒွဲပီဆာက ပြောသည်။

“တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ KIO တပ်ဖွဲ့ဝင်မဟုတ်တဲ့ သူကိုလည်း KIO လူဖြစ်တယ်ဆိုပြီး ဖမ်းနေတယ် ဆိုတော့ ဘယ်လိုမှ လုံခြံုရေးမရှိဘူးလေ” ဟုဆိုသည်။

KIO နယ်မြေ လိုင်ဇာ၊ မိုင်ဂျာယန် နှင့် အင်ဂွမ်းလ ကျောင်းများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိပြီး ၄င်းတို့အား KIO ပညာရေးအဖွဲ့မှ တက္ကသိုလ်အဆင့် ပညာရေးသင်ကြားမှု ရရှိရေး စစ်ဆေးမေးမြန်းရန် စီစဉ်ပေးနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“KIO အခြေနေကောင်းရင်တော့ ကောလိပ်အဆင့်ထိ ပြင်ဆင်နေဆဲဖြစ်တယ်။ အစိုးရဖက်မှာပဲ သွားတက်ရတာ မဟုတ်ဘဲ KIO ကောလိပ်ကနေပဲ ပြင်ပကို သွားတက်နိုင်တဲ့ အခွင့်အလမ်းထိ ရောက်လာအောင် ရည်ရွယ်ထားတယ်” ဟု ဆိုသည်။

၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် KIO ပညာရေးအဖွဲ့၏ ဗဟိုကော်မတီမှ ပညာရေးမှူးများ၊ အငြိမ်းစား ကျောင်းဆရာများနှင့် ဘွဲ့လွန်ဆရာများမှ ဘုတ်အဖွဲ့ ဖွဲ့၍ မေးခွန်းထုတ်ကာ လာမည့် ဧပြီလ ၁ နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း လိုင်ဇာ အထက်တန်းကျောင်းမှ ဆရာဦးခေါင်လွမ်းက KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျနော်တို့ ယုံကြည်တဲ့ စိတ်ဓာတ်ရှိဖို့လိုအပ်တဲ့ ခေတ်ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့နိုင်ငံကို ကျနော်တို့ချစ်တယ်။ ကိုယ့်နယ်မြေကို တိုးတက်အောင်လည်း လုပ်သွားဖို့နဲ့ ကလေးတွေတိုးတက်ဖို့ရန် ဦးစားပေး ဆောက်ရွက်နေတယ်။ ဘယ်မှာဖြေဖြေ အစိုးရမှာဖြေလဲ စာကဒီစာပဲ ကချင်မှာဖြေလဲ စာကဒီစာပဲ အဲလိုမြင်တယ်” ဟု ပြောသည်။

မိုင်ဂျာယန် ကျောင်းတွင် ၁၀ တန်းကျောင်းသူ/သား ၉၀ ကျော်ရှိပြီး လိုင်ဇာကျောင်းတွင် ၁၂၉ ယောက်နှင့် မြောက်ပိုင်းတိုင်း အင်ဂွမ်လကျောင်းတွင် ၂၀ ခန့်ရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းမေးပွဲ ကို မိမိတို့ကျောင်း တွင်သာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ယမန်နှစ် ပညာသင်နှစ်တွင်လည်း KIO ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေသည့် ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုနိုင်ခြင်း မရှိသော်လည်း KIO ပညာရေးအဖွဲ့မှ စစ်ဆေးသော စာမေးပွဲတွင် မိုင်ဂျာယန်ကျောင်းမှ ကျောင်းသား ၄၀ ကျော် ခန့်ဖြေဆိုရာ ၂၀ ကျော်အောင်မြင်ခဲ့ကြောင်း သိရသည်။

၎င်းအောင်မြင်သော ကျောင်းသူကျောင်းသားများသည် KIO ဆရာအတတ်သင်ကျောင်း၊ KIO ဗိုလ်လောင်းကျောင်းနှင့် တရုတ်ပြည် မန်ရှီ (Mang Shi) ဆေးကျောင်း၊ မန်ရှီ တရုတ်တက္ကသိုလ်၊ ကျမ်းစာကျောင်း၊ အင်္ဂလိပ်စကားပြောကျောင်း စသည့် ကျောင်းအသီးသီးတွင် သင်ယူခွင့်ရကြောင်း မိုင်ဂျာယန်ကျောင်းမှသိရသည်။

Most read this week