KIA နယ်မြေတွင်း အစိုးရတပ် လွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကိုဖမ်းဆီးရမိ

KIA နယ်မြေတွင်း အစိုးရတပ် လွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကိုဖမ်းဆီးရမိ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း မုံကိုးဒေသရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏  MHH ခေါ် အရပ်သားတပ်ဖွဲ့ တပ်ခွဲ (၅)နယ်မြေတွင် မြန်မာအစိုးရတပ်မှ လွှတ်ထားသည့် ထောက်လှမ်းရေး  ၂ ဦးကို KIA ဖမ်းဆီးလိုက်သည်။

အဆိုပါ အစိုးရတပ်မှလွှတ်ထားသော ထောက်လှမ်းရေး ၂ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲချိန်တွင် ဖိုင်ကောင်း (Hpai Kawng) ကျေးရွာရှိ စျေး (Gat Pa)တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မိထ္ထီလာတပ်မ (၈၈)မှ တပ်ကြပ် ထွန်းမျိုးလှိုင် နှင့် ခလရ တပ်ရင်း (၆၉) မှ ဒု-တပ်ကြပ် ကိုငယ် ဆိုသူဖြစ်ကြောင်း MHH တပ်ခွဲ (၅) မှ အရာရှိပြောသည်။

“အဲဒီနှစ်ယောက်ကို ကောင်းကောင်းမွန်မွန်စွာမေးတာ မဖြေဘူးလေ။  ဒါကြောင့် ကြိမ်တုတ်နဲ့ ၄၊ ၅  ကြိမ်ရိုက်တယ်။ ရိုက်တာလည်း ခေါင်း၊ မျက်နှာထဲ ရိုက်တာ မဟုတ်ဘူး၊ နည်းစနစ်တကျ စစ်ဆေးမေးမြန်းတယ်။ ခြောက်လန့်စစ်ဆေးလိုက်တာနဲ့ ၀န်ခံလာတယ်။”

၄င်းတို့သည် ဖိုင်ကောင်း (Hpai Kawng) မှ ၂၅ မိနစ်ခန့်သွားရသည့် ကောင်းဂွေ (Kawng Gwi) မြန်မာအစိုးရတပ်စခန်းမှ ဖြစ်ပြီး စခန်းမှူးက တိုက်ပွဲများခေတ္တငြိမ်နေစဉ်အတွင်း KIA နယ်မြေအတွင်း စျေးရောင်းစေကာ KIA တပ်လှုပ်ရှားမှုများကို အချိန်ပြည့်လေ့လာ၍ သတင်းပို့ခိုင်းနေခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်းသိရသည်။

KIA ၏လှုပ်ရှားမှုကို စုံစမ်းနေသော အစိုးရထောက်လှမ်းရေး ၃ ဦး ဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များက ၄င်းတို့ကိုမသင်္ကာသောကြောင့် အရပ်ဝတ်ဖြင့် စျေးတွင် စိတ်မနှံ့သူယောင်ဆောင်၍ အကဲခတ်နေချိန် ၄င်းတို့သည်ဖုန်းဖြင့် ဓါတ်ပုံများရိုက်လာစဉ် ဖမ်းဆီးလိုက်ရာ ဗိုလ်ဖြစ်သူ ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။

ဖမ်းဆီးထားသူ၂ ဦး၏ ဖုန်း ၂ လုံးကို သိမ်းဆည်း ထားလိုက်ပြီး MHH (Mungshawa Hpyen Hpung) တပ်ခွဲ (၅)မှ  ဖိုင်းကောင်း (Hpai Kawng) ရွာတွင် နေရာချပြီး  ၃၊ ၄ နေရာရွှေ့၍ စစ်ဆေးမေးမြန်းရာ အချက်အလက်ရရှိပြီးနောက် ည ၉ နာရီချိန်တွင် မျက်စိပိတ်ပေးပြီး ကားဖြင့်တင်ကာ ပန်ဆိုင်း (Pang Sai) ရွာအဝင်တွင် ချထား၍ လွှတ်ပေးလိုက်ကြောင်းသိရသည်။  

အစိုးရ လွှတ်ထားသော ထောက်လှမ်းရေးများသည် မုံးဂိုးနယ်မြေတွင် တံမြက်စီးရောင်းသူအဖြစ်သော်လည်းကောင်း၊ ဆေးရောင်းသူအဖြစ်သော်လည်းကောင်း၊ ကြံခင်းများတွင် အလုပ်သမားအဖြစ်ယောင်ဆောင်၍သော်လည်းကောင်း၊ နောက်ဆုံးအဆင့် ဆိုင်ကယ်ပေါ်တွင် ပုဆိတ်များတင်ရောင်းပြီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေတွင်းသို့ စုံစမ်းနေကြသည်ဟု ၀န်ခံခဲ့ကြောင်း တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မုံးဂုံးဒေသမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားတပ်ဖွဲ့ MHH တပ်ခွဲ့ (၅) နယ်မြေတွင် အစိုးရတပ်စစ်အင်အား ၂၀၀ ကျော်ရှိနေရာမှ ယနေ့တွင် ၃ နာရီခွဲချိန်တွင် ဂွတ်ခိုင် ခမရ (၂၄၂)၊ နန်ဂျက် ခလရ (၂၄၀)၊ ခလရ (၁၂၃) နန်ဖတ်ကာတပ်များမှ အယောက် ၅၀ ခန့် နောက်ဆုတ်သွားကြောင်းသိရသည်။

သို့သော် အစိုးရတပ်များ၏ လှုပ်ရှားမှုကို KIA ဘက်မှ ဥပဒေနှင့်အညီမရှိပဲ အပြောနှင့်အလုပ်မညီသောကြောင့် အဆိုပါလုပ်ရပ်အပေါ် အယုံကြည်မရှိနိုင်ကြောင်း MHH တပ်ခွဲ (၅)မှ အရာရှိတစ်ဦး ဝေဖန်ပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်သောခေါင်းဆောင်များထံ အတည်ပြုရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် နှစ်ဘက်တပ်ကို ညွှန်ကြားပြီးနောက်တွင် အစိုးရတပ်မှ ပုံစံအမျိုးမျိုးဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) နယ်မြေသို့ အနီးကပ် စုံစမ်းလာမှုများပြုလုပ်နေကြောင်း ဖမ်းဆီးခံရသူများကသာဝန်ခံသွားခဲ့သည်။

Most read this week