မိုင်ဂျာယန် ပါကထောင် ဒုက္ခသည်စခန်းတွင် ကလေး ၅၀ ကျော် ၀မ်းရောဂါဖြစ်

မိုင်ဂျာယန် ပါကထောင် ဒုက္ခသည်စခန်းတွင် ကလေး ၅၀ ကျော် ၀မ်းရောဂါဖြစ်
by -
ကချင်သတင်းဌာန

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် (Mai Ja Yang) ရှိ ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းတွင် ၅ နှစ်အောက် ကလေး  ၅၀ ကျော် ဝမ်းပျက်ရောဂါဖြစ်ပွားနေကြောင်း မိုင်ဂျာယန် (Mai Ja Yang) ကျန်းမာရေးဌာနမှ သိရသည်။

တရုတ်နယ်စပ် စစ်ပြေးစခန်းတခုမှ ကချင်ဒုက္ခသည်များ။

ကလေးငယ်များ ၀မ်းလျှော၊ ၀မ်းပျက်ရောဂါဖြစ်ပွားမှု ဇန်နဝါရီလကုန်ပိုင်းတွင် ပိုများလာပြီး နေ့စဉ် ဆေးခန်းသို့ ၄ ယောက်မှ ၁၀ ယောက်ဝန်းကျင် လာရောက်ဆေးကုသမှု ခံယူနေကြောင်း ပါကထောင် (Pa Kahtawng) ကျန်းမာရေးဌာနမှ ဆရာမဘောက်တောင်က KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဝမ်းသွားတာ ဝမ်းက အဝါရောင်တွေသွားနေတယ်။ အရမ်းနံတယ် ဝမ်းပုပ်တွေသွားနေတာ။ ဆေးခန်းမှာ အများဆုံးလာတာက ၂ နှစ်အောက်ကလေးတွေ များနေတယ်။ မနေ့ညကတော့ ၁၀ လသားကလေး တစ်ယောက်ဆုံးသွားတယ် ဒါမဲ့ သူကဝမ်းလျှောပြီး သေတာတော့မဟုတ်ဘူး။ ရင်ကြပ်အဖျားတက်ပြီးဆုံးသွားတာ။” ဟု ဆိုသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားမှုသည် လူဦးရေများသော ဒုက္ခသည်စခန်းအတွင်း ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် တကိုယ်ရေသန့်ရှင်းမှု လိုအပ်သောကြောင့်ဖြစ်သည်ဟု ကျန်းမာရေးဌာနမှ သုံးသပ်ပြောဆိုသည်။

“အခုအဓိက လိုနေတာက ကလေးဆေးတွေလိုနေတယ်။ နှာစီး ချောင်းဆိုးဆေးတွေပေါ့။ တစ်ခါခါဆို ဆေးတွေပြတ်သွားတာတွေရှိတယ်။” ဟုဆိုသည်။

လိုင်ဇာ ဒုက္ခသည်စခန်းတွင်လည်း ပြီးခဲ့သည့် အပတ်အတွင်း ကလေးငယ် အယောက် ၁၀၀ ကျော်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး ရ ဦးထက်မနည်း သေဆုံးသွား ခဲ့ကြောင်း လိုင်ဇာကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားမှုသည် ကချင်ပြည် လွပ်လပ်ရေးတပ်မတော်နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ဖြစ်ပွားချိန် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ထွက်ရှိလာသည့် အငွ့များ အပါအဝင် အချက် (၃) ချက် ကြောင့် ဖြစ်နိုင်ကြောင်း လိုင်ဇာမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ဆိုင်းမိုင်က သုံးသပ်ပြောဆိုသည်။

“နံပါတ် (၁) အချက်ကတော့ စစ်ဒုက္ခကြောင့် စစ်ဖြစ်နေချိန်မှာ အစိုးရတွေနဲ့ KIO တွေ ပစ်ခတ်နေနဲ့အချိန်မှာ အစိုးရတပ်က သုံးနေတဲ့ တချို့လက်နက်တွေမှာပါတဲ့ အငွေ့တွေ ဒီအငွေ့တွေကြောင့် ကလေးတွေက ခန္ဓာကိုယ် ခုခံအားတွေမရှိဘူး ဒီတော့ ဝမ်းလျှောဝမ်းပျက်တာ။ ခုခံအားရှိတဲ့ လူကြီးအချို့တွေတောင်မှ ဖြစ်တတ်တယ်။ နံပါတ် (၂) က စစ်တိမ်းရှောင်နေတဲ့ ပြည်သူလူထုက တော်တော်များတယ် နေရာတစ်နေရာမှာဆို မိသားစု ၃၊ ၄ စုပေါင်းနေတာမျိုး ဒါဆိုရင် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် ဝမ်းလျှောတယ်။  နံပါတ် (၃) က လူအများစုနဲ့နေတော့ တကိုယ်ရည်သန့်ရှင်းမှုနဲ့ သန့်ရှင်းမှုပိုင်းဆိုင်ရာမှာ လိုပြီးမှ ဝမ်းလျှောတယ်။” ဟု ပြောသည်။

မိုင်ဂျာယန် ပါကထောင် (Pa Kahtawng) ဒုက္ခသည် စခန်းတွင် အင်္ဂလန်အခြေစိုက် Health Unlimited (HU)၊ Wunpawng Ning Htoi (WPN) အဖွဲ့အစည်းများမှဆေးဝါးများ ကူညီထောက်ပံ့ပေး နေကြောင်းသိရသည်။

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ မိုင်ဂျာယန်တွင် ဒုက္ခသည်စခန်း ၅ ခုရှိရာ လူဦးရေ ၁ သောင်းနီးပါးခိုလှုံနေပြီး ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်း ၂ ခုရှိ ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေခြင်းဖြစ်သည်။

Most read this week