ကချင်စစ်တပ်မှ ဖမ်းဆီးထားသော အစိုးရတပ်သား ၂၃ ဦးကို လွှတ်ပေး

ကချင်စစ်တပ်မှ ဖမ်းဆီးထားသော အစိုးရတပ်သား ၂၃ ဦးကို လွှတ်ပေး
by -
ကချင်သတင်းဌာန

ဖမ်းဆီးထားတဲ့ မြန်မာအစိုးရ စစ်သားများကို KIA မှ ပြန်လွှတ်ပေးတဲ့ အခန်းအနား လိုင်ဇာမှာပြုလုပ်။
မြန်မာအစိုးရတပ်နှင့် ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ (KIO) စစ်ပွဲများအတွင်း ဖမ်းဆီးထိန်းသိမ်း ထားသော အစိုးရ တပ်ဖွဲ့ဝင် ၂၃ ဦးကို  KIA ဖက်မှလွှတ်ပေးလိုက်ကြောင်းသိရသည်။

Burmese-pow

ထိုအစိုးရတပ်မတော်သား ၂၃ ဦး ၄င်းတို့၏ နေရပ်များသို့ပြန်နိုင်ရန် ဇန်နဝါရီလ ၁၃ ရက်နေ့က လိုင်ဇာဌာနချုပ်တွင် အခမ်းအနားပွဲ ကျင်းပပြုလုပ်ပြီး တရားဝင်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အခမ်းအနားတက်ရောက်သူများပြောသည်။

  ထို့အပြင် ၎င်းတို့အား နေရပ်သို့ပြန်နိုင်ရန် ထောက်ပံ့ရေးစားရိတ် အားလုံးကို KIA မှတာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း KIA အရာရှိတစ်ဦးကပြောသည်။

“သူတို့ကို လမ်းစရိတ်အတွက် အိမ်ဝေးတဲ့လူတွေကိုဝေးသလို အိမ်နီးတဲ့လူတွေကို နီးသလို ပေးလိုက်တယ်။ KIA ကနေပြီးတော့ ရွှေလီကျော်ကျော်လောက်ထိ တာဝန်ယူပေးတယ်။ အဲဒီနောက်တော့ သူတို့သိသလိုပေါ့” ဟု ပြောသည်။

ဖမ်းမိထားသော တပ်မတော်သားများကို အစိုးရထံလွှဲပြောင်းပေးရေးကိစ္စနှင့် ပတ်သက်၍ ၈၈ ကျောင်းသားခေါင်းဆောင်များ KIA ဌာနချုပ်သို့လာရောက်ချိန် ကြားနေအဖြစ် ဆောင်ရွက်ပေးရန် KIA ဖက်က တောင်းဆိုခဲ့သည်။

Burmese-pow1

သို့သော် အစိုးရဖက်မှ ၄င်းတို့၏ တပ်မတော်သားများ မဟုတ်ကြောင်းနှင့် တပ်ပြေးများ သာဖြစ်ကြောင်း ငြင်းဆိုခဲ့သောကြောင့် KIA ၏ အစီအစဉ်ဖြင့် နေရပ်သို့ ပြန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်ကြီးဇော်တောင်မှပြောဆိုခဲ့သည်။

ပြီးခဲ့သည့်၂၀၁၂ ဇွန်လတွင် အစိုးရနှင့် KIO အဖွဲ့တို့ မိုင်ဂျာယန်တွင် အလွတ်သဘောတွေ့ဆုံခဲ့ချိန် ထိုစစ်သားများကိစ္စနှင့်ပတ်သက်ပြီး အစိုးရမှ တရားဝင် လွဲယူရန် ပြောဆိုခဲ့သော်လည်း တစုံတရာပြန်ကြား ခြင်းမရှိကြောင်း KIO ဒု အထွေထွေအတွင်းရေးမှူး ဦးလာနန်ကပြောသည်။

တပ်မတော်သားများနေရပ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ၄င်းတို့၏လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း KIA ဘက်က ပြောဆိုသည်။

“ဒါမဲ့တခုကဘာပဲဆိုတော့ ဒီမှာရောက်နေတဲ့ တပ်မတော်သားတွေရဲ့ လုံခြုံရေးကို အစိုးရဖက်က အာမခံချက် ပေးရမယ်လို့ထင်တယ်။ အဲဒီဟာတွေကြောင့်ပဲ ကြားခံအဖွဲ့အစည်းတခုဆိုပြီးမှပဲ လုပ်ဆောင်စေချင်တာပါ။ သူတို့ ကိုယ့်ရဲ့ရပ်ရွာပြန်သွားတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးအရေးယူတာမျိုးတော့မဖြစ်စေ ချင်ဘူးခင်ဗျ။” ဟု ဦးလာနန်ကပြောသည်။

အစိုးရနှင့် KIA တို့ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့မှ ထိန်းသိမ်းထားသော အဆိုပါတပ်မတော်သားများသည် ထိခိုက်ဒဏ်ရာရသူများနှင့် ဖမ်းဆီးရမိသော အစိုးရတပ်သားများဖြစ်ပြီး အချို့မှာ တစ်နှစ်ကျော်ကြာမြင့်ပြီး အချို့ ၃ လ ခန့် ကြာ ထိန်းသိမ်းခံထားရသူ များဖြစ်ကြောင်း သိရသည်။

Most read this week