တရုတ်ဖက်ခြမ်းမှ မပြောင်းရွှေ့ရသေးသော ခဒေါင်းပါစခန်းတွင် ၀မ်းရောဂါ ကူးစက်ပြန့်ပွား

တရုတ်ဖက်ခြမ်းမှ မပြောင်းရွှေ့ရသေးသော ခဒေါင်းပါစခန်းတွင် ၀မ်းရောဂါ ကူးစက်ပြန့်ပွား
by -
ကချင်သတင်းဌာန

တရုတ်နိုင်ငံ နောင်တောင်းခရိုင်အတွင်း ခိုလှုံနေပြီး မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် ကျန်ရှိနေသေးသော ခဒေါင်းပါ (Hka Dawng Pa) ကချင် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း ၎င်းဒုက္ခသည်စခန်း ကျန်းမာရေးဌာနမှ ပြောသည်။

မြန်မာဖက်ခြမ်း မပြောင်းခင် ယန်လုစခန်းမှ ဒုက္ခသည် ကလေးများ။

တရုတ်အာဏာပိုင်များက နေရပ်ပြောင်းရွှေ့ခိုင်းသောကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေသို့ စတင်ပြောင်းရွှေ့နေချိန်မှစ၍ ခဒေါင်းပါ (Hka Dawng Pa) ဒုက္ခသည်စခန်းတွင် ၅ နှစ်အရွယ်ကလေးငယ် များ၌ ၀မ်းလျှော၊ ၀မ်းပျက်ရောဂါ ပိုမိုဖြစ်ပွားပြီး သေဆုံးမှုထိဖြစ်လာကြောင်း စခန်းတွင် ကျမ်းမာရေးကူ ညီစောင့်ရှောက်ပေးနေသူ ဆရာမ လုပါ (Lu Pa) က ပြောသည်။

“ပြီးခဲ့တဲ့ပတ် စနေနေ့မှာ ၅ နှစ်အရွယ်မူကြိုကလေး တစ်ယောက် အထက်လှန်အောက်လျှောနဲ့ သေသွားတယ်။ နေ့ပိုင်းတောင်မှ အကောင်းပဲ အဲဒီည တစ်ညပဲဖြစ်ပြီးသေသွားတာ။ ၀မ်းလျှောတာတွေ ချောင်းဆိုးတာတွေ အရမ်းများတယ်။ တစ်နေ့ကို ၂၀ ယောက်လောက််ရှိတယ်။ အဲဒီထဲမှာ ၀မ်းလျှောတာက ၁၀ ယောက်ကျော် တယ်။ ကျမအထင်က သူတို့အဲလိုဖြစ်တာ အိမ်သာက သန့်ရှင်းရေး သိပ်မရှိလို့ သူတို့အချင်းချင်းက ပြန်ကူး တာများတယ်” ဟု ဆရာမ လုပါက ပြောသည်။

၎င်းတို့အား စခန်းတွင်းရှိ ကျန်းမာရေးတာဝန်ရှိသူများက ကြည့်ရှုကုသပေးနေသော်လည်း ဆေးဝါးလုံလောက် မှု မရှိကြောင်း သိရသည်။

ယခင် နောင်တောင်းခရိုင်အတွင်း ဒုက္ခသည်စခန်း ၆ ခုရှိစဉ်က စခန်းတာဝန်ရှိသူများနှင့် ကျမ်းမာရေးဌာနများ က ဆေးဝါးများကို အချိန်မှီကူညီပေးနိုင်သော်လည်း ယခုတွင် စခန်း ၁ ခုသာကျန်နေခြင်းကြောင့် အခက်ခဲများ ကြုံနေရခြင်းဖြစ်သည် ဟု အထက်ပါဆရာမ ဆက်ပြောသည်။

“ဆေးတွေလည်း မရှိတော့ဘူး ပြောင်းရွှေ့တာမလုပ်သေးတဲ့အချိန်တော့ ဇင်လွမ်း (Zin Lum) ကော်မတီက ကူညီနေတယ်။ အခုတော့ စခန်းတွေလည်း အကုန်ပြောင်းသွားတော့ ဇင်လွမ်းကော်မတီလည်း မရှိတော့ဘူး ဆိုတော့ ဘယ်သူ့ဆီမှာ မတောင်းတတ်ဘူးဖြစ်နေတယ်။ HU တွေဆီမှာတော့ တောင်းထားတယ်။ လာပေးမယ်လို့တော့ ပြောတယ်။”

လန်ဒန်အခြေစိုက် HU (Health Unlimited) အဖွဲ့သည် တရုတ်-မြန်မာနယ်စပ်တွင် ကျန်းမာရေး ပြုစု ပညာပေး အစီစဉ်များလုပ်ဆောင်နေသည့် NGO အဖွဲ့တဖွဲ့ ဖြစ်သည်။

ခဒေါင်းပါ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၁၂ ရှိပြီး စုစုပေါင်း လူဦးရေ ၅၉၃ ရှိကာ ၄င်းတွင် ကျောင်းသူ ကျောင်းသား စာရင်းသည် မူကြိုကလေးမှ စတုတ္ထတန်းထိ ၁၈၉ ဦးရှိကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

တရုတ်အစိုးရမှ ခဒေါင်းပါ ဒုက္ခသည်စခန်းကို မိုးများရွာသွန်းနေချိန် ၎င်းစခန်းဘက်တွင် လမ်းပန်းဆက် သွယ်ရေး သွားလာရန် အခက်အခဲရှိသောကြောင့် ဆက်လက်နေထိုင်ခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် တစ်လအတွင်းမူ အပြီးပြောင်းရွှေ့ရမည် ဖြစ်ကြောင်း ခဒေါင်းပါ စခန်းတာဝန်ခံ ဆရာ ဂရောင်လွမ်း (Grawng Lum) က ပြောသည်။

“လမ်းမကောင်းလို့တဲ့ အခုတော့ မပြောင်းရသေးဘူး နည်းနည်းကြာအုံးမယ်တဲ့။ တစ်လလောက်တော့ ကြာမယ်ထင်တယ်။”

ပြီးခဲ့သည့်အပတ်အတွင်း တရုတ်အစိုးရမှ နောင်တောင်း ခရိုင်အတွင်း ခိုလှုံနေသော ကချင်ဒုက္ခသည်စခန်း များကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ လနာ့ဇွပ်ဂျာ (Lana Zup Ja) အတွင်းသို့ ပြောင်းရွှေ့ရန် ညွန်ကြားခြင်းဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည်များမှာ သြဂုတ်လ ၂၂ ရက်မှ ၂၅ ရက်ထိ အပြီး ပြောင်းရွှေ့ပြီဖြစ်သည်။ ဒုက္ခသည်များ သည် လနာ့ဇွပ်ဂျာတွင် နေရာမလုံလောက်သဖြင့် တချို့မှာ ဘွမ်စစ်ပါ (Bum Tsit Pa)၊ ဒွမ်ဘုတ် (Dum Buk) စသည့်ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသည်။

သို့သော် လုံကရောက် (Lung Krawk) ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် လနာ့ဇွပ်ဂျာသို့ မပြောင်းရွှေ့လို သောကြောင့် ၎င်းစခန်း မျက်နှာချင်း နယ်စပ်ဖြစ်သော မြန်မာပြည်ဘက်ရှိ ကမ်းတလျှောက်တွင် စခန်းများ ဆောက်ကာ ပြောင်းရွှေ့ နေထိုင်နေကြကြောင်း သိရသည်။

ယခု ၎င်းတို့ပြောင်းရွှေ့နေထိုင်သော နေရာသည် မံစီမြို့နယ် တရုတ်နယ်စပ် ခခေ (Hka Hkye) ကျေးရွာ အစွန်းတွင်ဖြစ်ကြောင်း လုံကရောက် စခန်းတာဝန်ခံ ဦးဒွဲလာ (Salang Doi La) ကပြောသည်။

“အစက ကျနော်တို့နေတဲ့ တရုတ်ပြည်ဘက်က စခန်းနဲ့ ဟိုဘက်ဒီဘက်ပဲ။ ဒီကနေ မြင်ရတယ်။ ဒီက အသက် ကြီးတဲ့ သူတွေက ကိုယ့်ဒေသနဲ့နီးတဲ့ နေရာမှာပဲနေချင်တယ်တဲ့။ လနားဇွပ်ဘက်ကို မပြောင်းချင်ဘူး ဆိုပြီး ဒီမှာပဲ ပြောင်းနေကြတာပါ။ အရင်နေတဲ့ စခန်းကိုပဲ ဖြုတ်ပြီး ဒီဘက်ကို ၀ါးဖောင်နဲ့မျောယူပြီး ဒီမှာစခန်းပြန် ဆောင်ပြီးနေတာလေ။ ၂၅ ရက်နေ့မှာ ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းကို အကုန်ပြောင်းကြပြီ” ဟု KNG ကချင်သတင်းဌာနသို့ ပြောသည်။

လုံကရောက် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၄၀၊ လူဦးရေ ၁၈၉ ဦး၊ စာသင်ကျောင်းကို မူကြိုမှဒုတိယတန်း ထိဖွင့်ထားကာ ကျောင်းသူကျောင်းသားများ ၂၅ ယောက်ရှိကြောင်း သိရသည်။

ယခုချိန် နောင်တောင်းခရိုင်မှ ပြောင်းရွှေ့သွားကြသော ဒုက္ခသည်စခန်းအသီးသီးတွင် ၄င်းတို့အတွက် အစား အသောက်အတွက် အထောက်အပံ့ အကူအညီများလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

Most read this week