ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း ဥပဒေမူကြမ်း ရေးဆွဲပြီး

ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း ဥပဒေမူကြမ်း ရေးဆွဲပြီး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း၏ ဥပဒေမူကြမ်း ပထမအဆင့် ရေးဆွဲပြီးဖြစ်ကြောင်း ကျောက်မြတ်ရတနာကုန်သည်များ မြစ်ကြီးနားအသင်းမှ သိရသည်။

တရုတ်နယ်စပ် ရွှေလီတွင် မြင်တွေ့ရသော ကချင်ပြည်နယ်မှ ဖါးကန့်ကျောက်စိမ်း
၄င်းကျောက်မြတ်ရတနာ ဥပဒေမူကြမ်းအား အစိုးရဌာနအသီးသီးမှ ပညာရှင်များ ပူးပေါင်းပါ၀င် ဆွေးနွေးခဲ့၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

“ညှိနှိုင်းကြ၊ ငြင်းခုန်ကြ၊ အပြန်အလှန်ဆွေးနွေးကြနဲ့ ကျွန်တော်တို့ တော်တော် အောင်မြင်နေပါပြီ။ ဥပဒေမူကြမ်းအဆင့် ပထမအဆင့် ရေးဆွဲပြီးသွားပါပြီ။ အကုန်ဝိုင်း ရေးဆွဲထားတာဆိုတော့ ဥပဒေမူကြမ်းက ကျစ်လစ်တယ်၊ ခိုင်မာတယ်၊ ပြည့်စုံတယ်” ဟု ကျောက်မြတ်ရတနာ ကုန်သည်များ မြစ်ကြီးနားအသင်းမှ အတွင်းရေးမှူးက ပြောသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြစ်ကြီးနားတက္ကသိုလ်မှ ဥပဒေ ပညာရှင် ဒေါက်တာ ဒေါ်ရီရီဝင်း၊ ဥပဒေဌာနမှ ဥပဒေပညာရှင်၊ တရားရေးမှ ဥပဒေ ပညာရှင်၊ ရှေ့နေရုံးမှ ဥပဒေပညာရှင်များနှင့် ပြည်နယ်အဆင့် သတ္တုတွင်းဝန်ကြီး၊ ကျောက်မြတ်ရတနာကုန်သည်များ မြစ်ကြီးနားအသင်းတို့ ဇွန်လမှ ဇူလိုင်လဆန်းထိ တနင်္လာနေ့တိုင်း စည်းဝေးဆွေးနွေးခဲ့ပြီး ဥပဒေမူကြမ်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံမူကြမ်းမှ ကျောက်မြတ်ရတနာ ဥပဒေအား အခြေခံယူထားပြီး ကချင်ပြည်နယ် ကျောက်မြတ်ရတနာကုန်သည်များအဖွဲ့၏ အနေအထားနှင့် ကိုက်ညီမည့် အကောင်းဆုံး ဥပဒေအား ရေးဆွဲထားကြောင်း သိရသည်။

အဆိုပါ ကျောက်မြတ်ရတနာ ဥပဒေမူကြမ်း ပထမအဆင့်တွင် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့် ဥပဒေပြဌာန်းခွင့်၊ အခွန်ကိစ္စ၊ ကျောက်ရောင်းဝယ်ဖောက်ကားရေးတွင် ဥပဒေနှင့်အညီ လုပ်ကိုင်ရန်၊ ကျောက်ဖြတ်၊ ကျောက်သွေးခြင်းလုပ်ငန်းတွင်လည်း အခွင့်မရဘဲ လုပ်ကိုင်မှုမပြုလုပ်ရန် စသည့် ဥပဒေမူကြမ်းပါ ရေးဆွဲထားခြင်းဖြစ်သည်။

ကျောက်မြတ်ရတနာ ဥပဒေမူကြမ်း ပထမ အဆင့်အား ပြည်နယ်အစိုးရထံ တင်ပြပြီး ပြည်ထောင်စုအစိုးရ အဆင့်ထိ တင်ပြကာ အတည်ပြုချက်ရလျှင်မူ နည်းဥပဒေများပါ ပြန်လည် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ကျောက်မြတ်ရတနာ မြစ်ကြီးနား အသင်းမှလည်း ကျောက်မြတ်ရတနာ ပြပွဲကျင်းပရန် မြေသားညှိမှု ၁၀၀% နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ၎င်း အသင်းမှ ဆိုသည်။

Most read this week