စစ်ပွဲများကြောင့် ပူတာအိုတွင် ဆန်စျေးနှုန်းထိုးတက်

စစ်ပွဲများကြောင့် ပူတာအိုတွင် ဆန်စျေးနှုန်းထိုးတက်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြောက်ပိုင်းဆုံးရှိ ပူတာအိုခရိုင်တွင် ဆန်စျေးများထိုးတက်နေကြောင်း သိရသည်။

putau-n-gu-manu-lung
မြစ်ကြီးနားမြို့မှ တင်သွင်းသည့် ဆန် တစ်အိတ်လျှင် ကျပ်ငွေ ၅သောင်းထိ စျေးနှုန်းထိုးတက်နေခြင်းဖြစ်သည်။ ယခင်မူ တစ်အိတ်လျှင် ကျပ် (၂၅၀၀၀) ဖြင့် ဝယ်ယူစားသုံးနိုင်သည်။ ပေါ်ဆန်းမွေး  ဆန်မူ တစ်အိတ် ကျပ် (၆) သောင်းထိ မြင့်တက်နေကြောင်း သိရသည်။

“မိသားစုများတဲ့ အိမ်ဆို ဆန်ကိုလျှော့ပြီး ချက်စားနေရတယ်။ အဓိကတော့ အစားအသောက်မှာက ထမင်းပဲ လေ အရေးကြီးတာက။ ဆန်စျေးတက် ဒီကလူတွေ တော်တော် ခက်ခဲနေကြတယ်။” ဟု ပူတာအို ဒေသခံ တစ်ဦးက ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် မြန်မာအစိုးရတပ်ကြား စစ်ပွဲများဖြစ်ပွားလာပြီးနောက်ပိုင်း မြစ်ကြီးနား- ပူတာအို ကားလမ်းမကြီးမှာ မကြာခဏ ပိတ်နေသဖြင့် ကုန်ပစ္စည်းများအား လေယာဉ်ဖြင့်သာ တင်သွင်းနေရခြင်းကြောင့် စျေးတက်လာခြင်းဖြစ်သည်ဟု ဒေသခံများ ပြောသည်။

“ကားလမ်းက လုံးဝ ပိတ်သွားပြီ။ မိုးတွင်းဆို ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။” ဟု ပူတာအို ဒေသခံက ဆက်ပြောသည်။

ပူတာအိုတွင် ဆန်စျေးသာမက အခြား စားသုံးကုန်များလည်း စျေးတက်နေခြင်းဖြစ်သည်။ ယခင်က ဆား (၃)ထုတ်ကို ကျပ် (၁၀၀၀)ဖြင့် ဝယ်ယူနိုင်ရာမှ ယခုတွင် ဆား တစ်ထုတ်လျှင် ကျပ် (၇) ရာဖြင့်ဝယ်ယူနေရ ကြောင်းသိရသည်။

ဓါတ်ဆီ စျေးနှုန်းမှာလည်း ၁ပုလင်းလျှင် ကျပ် ၂၅၀၀ စျေးနှုန်းထိမြင့်တက်သွား ကြောင်း သိရသည်။

ပူတာအို-မြစ်ကြီးနား ကားလမ်းမကြီးအား အစိုးရမှ တရားဝင်ပိတ်ထားခြင်း မရှိသော်လည်း ဒေသခံများမှာ မသွားလာရဲတော့ပေ။

ပူတာအို ဒေသထွက် ဆန်များလည်း အထွက်နှုန်း မကောင်းသဖြင့် လယ် စိုက်ပျိုးနေသည့် တောင်သူများ အတွက်လည်း အခက်အခဲ ဖြစ်နေကြသည်။  (၁၀) တင်းထွက်ရှိသည့် စပါးများမှာ ယခုတွင် (၇) တင်းသာ ထွက်ရှိနေကြောင်း သိရသည်။

ပူတာအိုခရိုင်ရှိ ဒေသခံအများစုမှာ ရာသီထွက် အသီးများ စိုက်ပျိုးခြင်းနှင့် တောထွက်ပစ္စည်းဖြစ်သည့် ရှိးပဒီး၊ ပျားရည်၊ ဆေးမြစ်တိုများ ရှာဖွေကာ စားဝတ်နေရေးအား ပြေလည်အောင် ဖြေရှင်းနေရခြင်းဖြစ်သည်။

Most read this week