၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုကို လဖိုင်နော်မိန်း ရရှိ

၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုကို လဖိုင်နော်မိန်း ရရှိ
by -
ကချင်သတင်းဌာန

ပြည်ပရောက် မြန်မာနိုင်ငံသားများ ချီးမြှင့်သည့် "၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု" ကို ကချင်ပြည်နယ် စစ်ပွဲအတွင်း သတင်းသွားယူစဉ် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဒုက္ခိတဘဝသို့ရောက်ခဲ့ရသူ Kachinland News သတင်းဌာန အယ်ဒီတာ ကချင်တိုင်းရင်းသား ဦးလဖိုင်နော်မိန်း (Lahpai Naw Ming) ရရှိခဲ့သည်။

lahpai-naw-ming
တရားဝင် ဆုရှင်ရွေးချယ်ကြေညာခြင်း အခမ်းအနားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် မေ ၂၇ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။

ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာမှ သတင်းသမားဘဝဖြစ်လာသူ လဖိုင်နော်မိန်းသည် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် စကာတင်  ၅ ဦးအနက် ရွေးချယ်ခံရသူဖြစ်သည်။

စကာတင် ၅ ဦးသည် လဖိုင်နော်မိန်းအပါအဝင် သုခရိမ်မြံု လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ လူမှုအကျိုးဆောင် ဦးရန်နိုင်အောင် (ခ) ဦးဖိုးဖြူ၊ လူမှုအထောက် အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့အား အင်တာနက်ပေါ်မှ မြန်မာနိုင်ငံအပါအဝင် ၄၉ နိုင်ငံမှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း ဆန္ဒမဲ ၅၁၃၉၂၂ တွင် ဆရာနော်မိန်းသည် ဆန္ဒမဲ ၅၁.၂၅% ဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ကို ရရှိခြင်းဖြစ်သည်။

Federal ဒီမိုကရေစီအရေးနှင့် လူ့အခွင့်ရေးကိစ္စတို့တွင် ဆရာနော်မိန်းက စံနမူနာ သာဓကအနေဖြင့် ကြိုးစားပေးဆပ်ခဲ့မှုကို များစွာဂုဏ်ယူမိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်ကျောင်းသားနှင့် လူငယ်သမဂ္ဂ (AKSYU)ခေါင်းဆောင် Leonard Shinra Chan က ပြောသည်။

“ဆရာနော်မိန်း အခုလိုပေးဆပ်လုပ်ဆောင်သွားဒါကို အများကြီး ဂုဏ်ယူတယ်။ ဒါကိုကြည့်ပြီး ကျနော်တို့ လူငယ်တွေလဲ ကိုယ့်လူမျိုးနဲ့ နိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ တစ်နေရာကနေ ပေးဆပ်ဖို့လိုတယ်။ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေးနဲ့ Federal အရေးတို့အတွက် အဖွဲ့အစည်းများ ဒါမှမဟုတ်၊ လူတဦးတယောက်ရဲ့ ကြိုးပမ်းမှုနဲ့ မပြီးမြောက်နိုင်ဘူး။ လူတိုင်းမှာတာဝန်ရှိတယ်။ လူတိုင်း ကိုယ်တတ်နိုင် တဲ့ဘက်က ရပ်ပြီး လုပ်ဆောင်သွားရမယ်။” ဟု Leonard က ဆိုသည်။

နော်မိန်း၏ ကိုယ်ရေးအကျဉ်းကို ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက် ၀က်ဆိုဒ်တွင် သူသည် ရှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာ တွင် မွေးဖွားခဲ့ကြောင်း ဖော်ပြသည်။

၎င်းသည် ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ B.Th (Bachelor of Theology) ဓမ္မပညာဘွဲ့ နှင့် မန္တလေး အဝေးသင်တက္ကသိုလ်မှ B.A (Bachelor of Art) ဘွဲ့ကို ရရှိခဲ့သည်။ အင်းစိန် ဓမ္မကျောင်းတက်စဉ် အင်းစိန်ဓမ္မတက္ကသိုလ် ကချင်ကျောင်းသားများ မိတ်သဟာရအဖွဲ့ (Kachin Student Fellowship) ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ 

ထို့နောက် မွေးရပ်မြေ မန်ဒုံကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် တရားဟောဆရာအဖြစ် ၁ နှစ်နှင့် ကွတ်ခိုင် ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တွင် ဆရာအဖြစ် ၁ နှစ် အမှုတော်ဆောင်ခဲ့သည်။

မန်ဒုံ အသင်းတော်တွင် အမှုတော်ဆောင်ရင်း ကျေးရွာဖွံ့ဖြိုးရေး၊ ကချင်ဘာသာဖြင့် ပညာပေး ဆောင်းပါးများရေးသားခြင်းနှင့် လူငယ်ပျိုးထောင်ခြင်းများကို ပါ၀င်လုပ်ဆောင်ခဲ့သည်။

ဒေသခံရွာသူ/သားများကို မြန်မာအစိုးရစစ်တပ်၏ အဓမ္မပေါ်တာဆွဲ၊ မတရား ဖမ်းဆီးခေါ်ဆောင်ခြင်းများပေါ် ခံရသူဘက်မှ ရပ်တည် ကာကွယ်ပေးမှုကြောင့် အာဏာပိုင်များ၏ မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်းနှင့် ရိုက်နက်ချုပ်နှောင်ခြင်းကိုလည်း ခံခဲ့ရသူဖြစ်သည်။

သူဦးဆောင်ပြီး Sinpraw Bum Media ခေါ် ကချင်သတင်းမီဒီယာအဖွဲ့ ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့တွင် ၂၀၀၂ ခုနှစ်၌ ထူထောင်ခဲ့သည်။ တချိန်ထဲမှာ လူငယ်များကို အခြေခံ သတင်းမီဒီယာ သင်တန်းများပေးခြင်းနှင့် KIO အဖွဲ့အတွင်း သတင်းမှတ်တမ်း ပြုစုခြင်းကိုလည်း ကူညီပေးခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်လမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ပြန်လည်စတင်ခဲ့သော ပြည်တွင်းစစ်ကာ လအတွင်း ကချင်လူငယ်တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ပြီး သတင်းဌာန၏ အယ်ဒီတာ တာဝန်ကို်ယူခဲ့သည်။

ယခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ အစိုးရတပ်နှင့် KIA တပ်ကြား ဖြစ်ပွားခဲ့သော ဗန်းမော်-လွယ်ဂျယ် လမ်းမ ယော်ယုန် (Yaw Yung) တိုက်ပွဲတွင် ကိုယ်တိုင်သွားရောက် ဗွီဒီယို သတင်းယူနေစဉ် အစိုးရစစ်သားများ ပစ်ခတ်သောလက်နက်ထိမှန်ကာ ပြင်းထန်စွာဒဏ်ရာရရှိပြီး လည်ပင်းအောက်ပိုင်း ကိုယ်ခန္ဓာ မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

ပြည်သူ့ဂုဏ်ရည် အသင်းကို ၂၀၀၉ ခုနှစ် အမေရိကန် ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားများ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်တွင် "စွန့်လွှတ်အနစ်နာခံမှု၊ အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မှု၊ နိုင်ငံသားနှင့် လူသားအပေါ်မှာအကျိုးပြုနိုင်မှု၊ စသည့် စံနှုန်းသုံးခုအပေါ် မူတည်ပြီးရွေးချယ်ကြောင်းနှင့် ဆုကြေးငွေမှာ အမေရိကန်ဒေါ်လာ (၁) သောင်းဖြစ်သည်။

၂၀၁၀ ခုနှစ် ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုရှင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ ၂၀၁၁ ခုနှစ် ဒုတိယ ပြည်သူ့ဂုဏ်ရည်ဆုရှင်သည် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ထိမ်းသိမ်းခံရသည့် ဗုဒ္ဓဘာသာရဟန်းများကို ကူညီပေးခဲ့သည့် ဒေါ်ရှုဖြစ်ပြီး ယခုနှစ် တတိယ ဆုရှင်သည် Kachinland News အယ်ဒီတာ ဦးလဖိုင်နော်မိန်း ဖြစ်သည်။

Most read this week