KIA နှင့် တစ်ရက်တည်း တိုက်ပွဲမှာ မြန်မာစစ်သား ၆၀ ကျော် ကျ

KIA နှင့် တစ်ရက်တည်း တိုက်ပွဲမှာ မြန်မာစစ်သား ၆၀ ကျော် ကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) မြို့နယ်အတွင်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် ယနေ့ တစ် နေကုန်ဖြစ်သောတိုက်ပွဲတွင် မြန်မာအစိုးရ စစ်သား ၆၀ ကျော် ကျဆုံးကြောင်း KIA အရာရှိ များ ဆိုသည်။

KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ နယ်မြေ ဂေါ်ရီကရုန် မရူယိန်းစုန်း (Gauri Krung Maru Ying Sung) သို့ အင်အား ၁၀၀ ကျော် မြန်မာစစ်ကြောင်းမှ ထိုးဖောက်ဝင်ရောက်လာစဉ် နှစ်ဘက်တိုက်ပွဲ ဖြစ်လာပြီး အစိုးရတပ်ဘက် အကျဆုံးများခြင်းဖြစ်သည်ဟု KIA စစ်အရာရှိများ ကချင်သတင်းဌာန သို့ ပြောပါသည်။
gauri-maru-ying-sung
မနက် ၈ နာရီတွင် တိုက်ပွဲစတင်ပြီး ညနေ ၆ နာရီဝန်းကျင်တွင် အဆုံးသတ်ပြီးနောက် အစိုးရစစ်သား ၃၀ ကျော်အား ကချင်တပ်များ ၀ိုင်းထားလိုက်သည်ဟု ရှေ့တန်းသတင်းရပ်ကွက်က ဆိုသည်။

အစိုးရထိုးစစ်အား KIA တပ်မဟာ ၃ နှင့် ၎င်း၏ အရပ်သားတပ်ဖွဲ့ စုပေါင်းအင်အားစုမှ အောင်မြင်စွာ ခုံခံနိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ရှေ့တန်းတွင်ရောက်ရှိနေသော ကချင်သတင်းဌာန သတင်းထောက်က ဆိုသည်။

တိုက်ပွဲတွင် KIA ဘက် အကျအဆုံး မရှိကြောင်း KIA အထက် အရာရှိများ ပြောသည်။

ယခုတိုက်ပွဲနေရာတွင် တရုတ်ကုမ္ပဏီမှ ဆောက်လုပ်သော တာခေါ်ခ (တာပိန်)မြစ် ရေအားလျှပ်စစ် စီမံကိန်း ၂ ခု တည်ရှိပြီး မြန်မာစစ်တပ်မှ KIA အား ပြီးခဲ့သည့် ဇွန်လ စတင်တိုက်ခိုက်ခဲ့သည့် နေရာလည်းဖြစ်သည်။

မြန်မာအစိုးရက ရေကာတာ လုံခြုံရေးပေးရန်ခေါင်းစဉ်ဖြင့် KIA အား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုထား သော်လည်း KIA က ပယ်ချထားသည်။ ယင်းစီမံကိန်းသို့ မြန်မာစစ်သားများ တိုးချထားခြင်းသည် KIA တပ်မဟာ ၃ (မန်မော် အရှေ့ဘက်)နှင့် ၄ (ရှမး်ပြည်မြောက်ပိုင်း) တို့အား ၎င်း၏ ဗဟိုဌာနချုပ် လိုင်ဇာနှင့် ဆက်သွယ်ရေး ဖြတ်တောက်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်ဟု KIA ဆိုထားသည်။

တာပိန် ရေကာတာစီမံကိန်းသည် KIA တပ်ရင်း ၁၅ နယ်မြေတွင်တည်ရှိပြီး KIA ၏ ခွင့်ပြုချက်အရစီမံကိန်း အား တရုတ်ကုမ္ပဏီ China Datang Corporation (CDT)မှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်သည်။

Most read this week