တရုတ်အမျိုးသမီး ၃ ဦးအား မြန်မာစစ်တပ်က အုပ်စုလိုက် အဓ္ဓမပြုကျင့်

တရုတ်အမျိုးသမီး ၃ ဦးအား မြန်မာစစ်တပ်က အုပ်စုလိုက် အဓ္ဓမပြုကျင့်
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် တရုတ်အမျိုးသမီး ၃ ဦးအား မြန်မာအစိုးရတပ်က အုပ်စုလိုက် အဓ္ဓမပြုသည်ဟု ၎င်းအမျိုးသမီးများနှင့် နီးစပ်သူများ ပြောသည်။

shadanpa-oct10-myen
မြစ်ကြီးနား-ဗန်းမော်ကားလမ်း အနောက်ဘက်ခြမ်း နမ်ဆန် (ချောင်း) ခနှင့် မုန်လိုင် (ချောင်း) ခကြား ငှက်ပျော်စိုက်ခင်းရှိရာ ရှဒန်ပါတွင် အမျိုးသမီး ၁ ဦးကို အစိုးရစစ်သား (၁၀) ဦးခန့်က အုပ်စုလိုက် ပြုကျင့် ခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

၎င်းတို့ထဲမှ အမျိုးသမီးတဦး နာရီအတော်ကြာ သတိလစ် မေ့မျောသွားသဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည်ဟု ဆေးရုံ သတင်းရပ်ကွက်မှ သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ဗိုလ်မှူးချုပ် မြတ်ကျော်ဦးစီးသည့်မိုးကောင်းအခြေ စိုက် စကခ (၃) မှ မြန်မာအစိုးရစစ်သားများ ယင်းသို့ ပြုမူခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ရှဒန်ပါ ရှေ့တန်းစစ်မျက်နှာတွင် ရောက်ရှိနေသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရာရှိများပြောသည်။

စကခ (၃) တွင် တပ်ရင်း ၁၀ ခုပါ၀င်သည်။ ၎င်းတို့မှာ မိုးကောင်းအခြေစိုက် ခလရ (၇၄)၊ နမ္မတီးအခြေစိုက် ခမရ (၃၈၁)၊ (၃၈၂)၊ (၃၉၀)၊ ကဝါးယန်(မိုးကောင်း)အခြေစိုက် ခမရ (၃၈၃)၊ (၃၈၄)၊ နမ္မားအခြေစိုက် ခမရ (၃၈၅)၊ (၃၈၆)နှင့် ဟိုပင်အခြေစိုက် ခမရ(၃၈၈)၊ (၃၈၉) တို့ ဖြစ်သည်။

စက်တင်ဘာလကတည်းက ယင်းတပ်ရင်းများအားလုံးသည် တရုတ်နယ်စပ် KIA လိုင်ဇာ ဌာနချုပ်အနီး ရှဒန်ပါသို့ ရောက်ရှိနေကြသည်ဟု သိရသည်။

KIO မှ မြေငှါးပြုလုပ်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က စီးပွါးရေးသမား လောယိန်း ပိုင် ရှဒန်ပါငှက်ပျော ခြံအား ၂၀၀၈ က စတင်ခဲ့ပြီး ငှက်ပျောခြံ ဧက စုစုပေါင်း ၃၀၀၀၀ ကျော်ရှိသည်။

ဇွန် ၉ ရက် မြန်မာ-KIA စစ်ပွဲဖြစ်လာချိန်မှ ရှဒန်ပါမှာ စစ်ပွဲသလင်း ဖြစ်လာသည်။

ငှက်ပျော်စိုက်ခင်းတွင် တရုတ်နှင့် မြန်မာအလုပ်သမား ၂၀၀၀၀ ကျော်ရှိရာ စစ်ပွဲစတင်ဖြစ်ပွားလာချိန်တွင် ၎င်းတို့အား နေရပ်ပြန်ကြရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်ဟု KIA အရာရှိများပြောသည်။

စက်တင်ဘာ ၁၅ ရက်က နောက်ဆုံးအကြိမ် သတိပေးခဲ့သော်လည်း အချို့အလုပ်သမားများကျန်ရှိနေ သေးသည်ဟု ဆက်ပြောသည်။

အောက်တိုဘာ (၇) ရက် ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) မှ ထုတ်ဝေသည့် “မြန်မာပြည်ဖုံး ကွယ်စစ်ပွဲ၊ ကချင်လူမျိုးများအပေါ် ရက်စက်မှုများ” အစီရင်ခံစာ တွင် မြန်မာ-KIA စစ်ပွဲကာလ (၄) လ အတွင်း မြန်မာအစိုးရ တပ်သားများက အမျိုးသမီး ၃၇ ကို အဓ္ဓမပြုကျင့်ရာ ၎င်းတို့ထဲမှ ၁၃ ဦးသတ်ဖြတ်ခံရ သည်ဟု ဆိုထားသည်။

Most read this week