KIA နှင့်ဖြစ်သော မန်ဂျေတိုက်ပွဲတွင် မြန်မာစစ်သား ၂ ဦး ကျ

KIA နှင့်ဖြစ်သော မန်ဂျေတိုက်ပွဲတွင် မြန်မာစစ်သား ၂ ဦး ကျ
by -
ကချင်သတင်းဌာန

စက်တင်ဘာ ၁၄ ဗုဒ္ဓဟူးနေ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်ဂျေ(မန်စီ)ကျေးရွာတွင်မြန်မာ စစ်တပ်နှင့် KIA စစ်သားများတစ်နာရီခန့် တိုက်ပွဲ ဖြစ်ခဲ့ရာ မြန်မာစစ်တပ်မှ ၂ယောက်ကျဆုံး ကြောင်း KIA ကပြောသည်။

သေဆုံးသောမြန်မာစစ်သား ၂ ဦးသည် ဗန်းမော်မြို့ နယ်မြေခံတပ်ရင်း ခလရ အမှတ် ၄၇ မှဖြစ်သည်ဟု မန်ဂျေ ဒေသခံများပြောသည်။

ယင်းတပ်ရင်းမှ အင်အား ၁၀၀ ကျော်သည် မန်ဂျေ သို့ အင်အားဖြည့်လာစဉ် ရွာသစ်ကုန်းတွင် KIA တပ်ရင်း (၁)မှ စစ်သားများနှင့် နေ့လည် ၁ နာရီ မှ ၂ နာရီ ကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများပြောသည်။

KIA ဘက်မှ ထိခိုက်မှုမရှိကြောင်း တပ်ရင်း ၁ မှအရာရှိတစ်ဦးပြောသည်။

တစ်ရက်တွင်း မြစ်ကြီးနား-ဗန်းမော်သွားလမ်း နမ်ဆန်ယန်အနိီး Hka La Kadawng (ခလားကုန်း)တွင်လည်း KIA တပ်ရင်း (၁၈)နှင့် မြန်မာစစ်တပ် နွမ်လန်ရွာ (Numlang Mare) အခြေစိုက် ခမရ အမှတ် ၄၃၈၊ တပ်သားများကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ယခု ပစ်ခတ်မှုတွင် အစိုးရတပ်မှ ထိခိုက်မှုရှိသည်ဟု သက်ဆိုင်ရာ KIA စစ်ဗိုလ်များပြောသည်။

Most read this week