ခရစ်ယာန်ဓမ္မဆရာအား ပြစ်မှားချက်ပေါ် အစိုးရ ရဲအရာရှိ တောင်းပန်

ခရစ်ယာန်ဓမ္မဆရာအား ပြစ်မှားချက်ပေါ် အစိုးရ ရဲအရာရှိ တောင်းပန်
by -
ကချင်သတင်းဌာန

“ကျတော်တို့ သတင်းမှားယူမှုကြောင့် ဝင်စစ်ဆေးမိတာပါ။” ဟုအထူးမူးယစ် ဒုရဲအုပ်တင်ထွေးမှ ဝိုင်းမော်မြို့နယ် အောင်မြေ(၂)ကျေးရွာအုပ်စု ပဒါကျေးရွာ၏ သိက္ခာတော်ရသင်းအုပ်ဆရာကဒုံဂွမ်ဂျာ (ဂျီဂျွမ်ဂျွန်) အားတောင်းပန်စကားပြောဆိုနေသည်။

police_tin_htwe

ဇူလှိုင် (၄)ရက်နေ့နံနက် (၁၀)နာရီခန့် တွင်မူးယစ်ရဲ ၆ဦးစီးလာသည့် ပါဂျေရိုကားနှစ်စီးမှာ“Rev. Kadung Gum Ja” ဟု ရေးသားထားသည့် ဆိုင်းဘုတ်ရှိနေအိမ်တည့်တည့် မောင်းနှင်ဝင်ရောက်သွားသည်။ အိမ်ခြံဝင်း အရောက်မှာတော့ ကားပေါ်မှချက်ချင်းဆင်းကာ “အိမ်ရှင်တို့၊ အိမ်ရှင်တို့” ဟု ခေါ်ဟစ်သံများနဲ့အတူ ယင်းတို့ပါလာသည့် ဒုတ်များဖြင့် အိမ်ကိုရိုက်ကာခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။ တစ်ချို့မှာ ပြူတင်းတံခါးမှ ဝင်ရောက်သွားကာ တစ်အိမ်လုံးမွှေနှောက်ရှာဖွေနေသည်။

တစ်စုံတစ်ခုများတွေ့လိုတွေ့ငြားရှာဖွေနေသည့် ရဲများမှာခဏကြာတော့ စိတ်မရှည်သည့် လေသံဖြင့် “မကျေနပ်တာရှိရင် ဒီလိပ်စာအတိုင်းဆက်သွယ်လာပါ” ဟု ဒုရဲအုပ်မှ သူ၏ လိပ်စာကပ်အားဘေးအိမ်က တစ်ယောက်ကိုပေးထားကာ မြစ်ကြီးနားသို့ ထွက်ခွာသွားတော့သည်။ အိမ်ရှင် သင်းအုပ်ဆရာမှာအပြင်သို့ ဆုတောင်းသွားနေချိန်ဖြစ်သည်။

Rev. Kadung Gum Ja သည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှ ပေးအပ်သည့်ကချင်လိုခေါ် “Ji Jum Jun” ခေါ် “သစ္စာရှိသောဓမ္မအမှုတော်ဆောင်ဘွဲ့” ရရှိထားသည့် သိက္ခာတော်ရဆရာတော်တစ်ဦး ဖြစ်သည်။

မူးယစ်ရဲများမူ ၎င်းအိမ်ကိုမူးယစ်ရောင်းဝယ်မှု အမည်တပ်ကာဝင်ရောက် ရှာဖွေခြင်းဖြစ်သည်။ဆုတောင်း အပြီး ပြန်လာသည့် သင်းအုပ်ဆရာမှာထိုသတင်းကို ကြားကြားချင်းအံသြမှင်သက်သည့် မျက်နှာဖြင့်လိပ်စာ ကပ်အတိုင်း ဖုန်းခေါ်လိုက်သည်။

မြစ်ကြီးနားမူးယစ်ရုံးမှ ပြန်လည် ဖြေကြားသည်မှာ “အခုလိုလုပ်တာနည်းတောင်နည်းသေးတယ်။ဘာဖြစ် ချင်သလဲ။ သင်းအုပ် အမျိုးသမီးကရောင်းနေတယ်လေ။ ခုပြန်လာရှာမယ်။” ဆိုသည့် တစ်ဖက်မှ စွပ်စွဲသံသာ ကြားခဲ့ရသည်။

အခုလိုဘွဲ့ချီးမြှင့်ခံရသည့် သင်းအုပ်ဆရာအိမ်အားဝင်နှောက်ရှာဖွေခြင်းသည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်(KBC)နှင့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ နှစ်ခြင်းအသင်းချုပ် (MBC)၏ သိက္ခာထိပါးသည်ဟု အသင်းသူအသင်းသားများ မကျေနပ်ဖြစ်နေကြသည်။

ထို့ကြောင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းထံသို့ ရပ်ကွက်အတွင်းရေးမှူး၊ကျေးရွာအုပ်ချုပ်ရေးမှူး တို့ လက်မှတ်ရေးထိုးကာဇူလှိုင် (၇)ရက်နေ့တွင် တိုင်ကြားစာတင်ခဲ့သည်။

“အသင်းသူအသင်းသားထောင်ပေါင်းများစွာလေးစား ကြည်ညိုတဲ့ဆရာတစ်ပါးကိုခုလိုပြုမူတာ မသင့် ကြောင်း၊ နိုင်ငံတော် ဝန်ထမ်းတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီကြောင်း၊ မင်းမဲ့ စရိုက်မဲ့နိုင်ငံတော်နဲ့ တူကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်မှ တာဝန်ယူဖြေရှင်းပေးရန်” ဟုတိုင်ကြားစာတွင် ရေးသားထားသည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမင်းကြီး၊ MBC၊ KBC၊ အောင်မြေ (၂) အုပ်ချုပ်ရေးမှူး၊ ထံသို့လည်းမိတ္တူပေးပို့ခဲ့ သည်။

“အရင်တုန်းကတော့ ကျတော်တို့ ဒီလိုကိစ္စ မျိုးအထူးမူးယစ်ကိုတိုင်တာမျိုးဘယ်လုပ်ရဲမလဲ၊ လက်ရှိအစိုးရကို ကျတော်တို့ ရဲရဲဝံ့ဝံ့ပေ့ါ ဝန်ကြီးချုပ်လည်းဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပြီးတော့ တိုင်လိုက်တာပါ” ဟုပဒါကျေးရွာဘုရားကျောင်းမှ အတွင်းရေးမှူး ဆရာဆိုင်းလီမှ ဆိုသည်။

ထိုသို့ ပေးပို့ခဲ့ပြီး ၄ရက်အကြာတွင် မူးယစ်ကားတစ်စီးထပ်မံရောက်ရှိလာသည်။ ဒီတစ်ကြိမ်မှာတော့ အရင်လိုမဟုတ်တော့ဘဲ အပြံုးမျက်နှာဖြင့် ဒုရဲအုပ်ထန်နေနှင့် မူးယစ်တပ်ကြပ် ကျော်ဆွေတို့ နှစ်ဦးမှာ ဒုရဲအုပ်တင်ထွေးကို်ယ်စား သင်းအုပ်ဆရာထံသို့ ၎င်းသို့ လုပ်ရပ်ကြောင့် လာရောက်တောင်းပန် စကားဆိုခဲ့သည်။

သင်းအုပ်ဆရာကျေနပ်သော်လည်းအသင်းသူ၊ အသင်းသားများမူခုလိုအပြောဖြင့်သာ တောင်းပန်ခြင်းအား သဘောမကျသဖြင့် မှားယွင်းသူကိုယ်တိုင်စာရေးသား တောင်းပန်သင့်ကြောင်း ပြောဆိုခဲ့သည်။

ဇူလှိုင် (၁၄)ရက် မြစ်ကြီးနားမြို့ရှိ KBC ရုံးတွင် ဒုရဲအုပ် တင်ထွေးကိုယ်တိုင် တောင်းပန်စကားနှင့်အတူ တောင်းပန်စာပေးခဲ့ သည်။

ခုချိန်မှာတော့ နှစ်ဦးနှစ်ဖက် ကျေအေးသွားကာဝန်ကြီးချုပ်နှင့် မိတ္တူပေးပို့ခဲ့သည့် ဌာနများသို့ တိုင်တန်းချက် ရုတ်သိမ်းလွှာပေးပို့ခဲ့သည်။

Most read this week