ရာဇသံကုန်ဆုံးပြီးနောက် KIAနှင့် မြန်မာတပ် ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား

ရာဇသံကုန်ဆုံးပြီးနောက် KIAနှင့် မြန်မာတပ် ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)မှ ပေးသော နောက်ဆုံးရက် ရာဇသံ ကုန်ဆုံးသွားပြီးနောက် ကချင်ပြည် နယ်တွင် မြန်မာစစ်တပ်နှင့် KIA ကြား ပထမဆုံးကြိမ်ပစ်ခတ်မှု စစ်ပွဲငယ် ယနေ့ နံနက် ၁၀ နာရီ ခွဲခန့် တွင် ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ၎င်းတို့တပ်စခန်းများအနီး ပို့ထားသည့် မြန်မာစစ်သားများ မေ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ခွာရန် ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာတွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် မိနစ်အတော်ကြာသည်ဟု ပစ်ခတ်မှုဖြစ်ပွားရာအနီးရောက်ရှိနေသည့်ကချင်သတင်းဌာန သတင်း ထောက်က ပြောသည်။ နေရာမှာ ဗန်းမော်ခရိုင် အရှေ့တောင်ဘက် မံဂျေ (မံစီ)မြို့နယ်၊ ရှဒန်ဂါးဂေါ့ ဒေသ၊ ၀မိကောင် တွွင် ဖြစ်သည်ဟု ဆိုသည်။

map-kia--gunfire-burmese
မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်းပိုင်း ကိုင်ထိတ်စခန်း၌ တပ်ချနေသည့် ဆားမှော်အခြေစိုက် မြန်မာစစ်တပ် ခလရ ၁၀၅ နှင့် KIA တပ်ရင်း ၂၇ ကြား တိုက်ပွဲငယ်ဖြစ်ပွားခြင်း မှန်ကန်ကြောင်း ကချင်ပြည်နယ် KIA လိုင်ဇာဌာနချုပ်မှ အရာရှိများ ထိုင်းအခြေစိုက် ကချင်သတင်းဌာနကို အတည်ပြုပြောသည်။

ယခုနောက်ဆုံးပစ်ခတ်မှုသည် မြန်မာ သမ္မတဦးသိန်းစိန်၏ ယမန်နေ့ မေ ၂၆ ရက်မှစတင်သည့် တရုတ်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

ယနေ့နံနက် ၃ နာရီခွဲတွင် နမ့်ခမ်းမြို့မှ မြန်မာစစ်သားများတင်ဆောင်ထားသည့် စစ်ကား အစီး ၂၀ သည် မံဝိန်းသို့ ထွက်ခွာသွားသည်ဟု ဆိုသည်။ မံဝိန်းမှ ကိုင်ထိတ်၊ မံဂျေ (မံစီ)ကို ဖြတ်ပြီး မန်မော် (ဗန်းမော်)သို့လည်းကောင်း၊ KIA တပ်ရင်း ၂၇ တည်ရှိရာ ဗလောင်ဒိန်ဆာသို့လည်းကောင်း၊ အင်မောင်ခ (ရွှေလီမြစ်)ရှိ ရွှေလီ အမှတ် ၁ နှင့် ၂ ရေအားလျှပ်စစ်စက်ရုံသို့လည်းကောင်း၊ တရုတ်နယ်စပ်သို့လည်းကောင်း ၄ နေရာသို့သွားရောက်နိုင်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်များက KIA ထိန်းချုပ်နယ်မြေထဲ ချဉ်းကပ်လာလျှင် စစ်ရေးပဋိပက္ခ ပိုမို ပြင်းထန်လာမည်ဟု လိုင်ဇာမှ KIA အရာရှိများပြောသည်။

တချိန်ထဲတွင် KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၂ ခု မှာလည်း မြန်မာစစ်တပ်နှင့် အပြန်အလှန် ၀န်းရံပိတ်ဆို့နေကြ သော်လည်း ပစ်ခတ်မှုမရှိသေးဟု ဆိုသည်။ ၎င်းတို့မှာ မုန်ညန် (မိုးညှင်း) မြို့နယ်၊ ဆင်ဘိုအနီး ပန်ခေါန်အခြေစိုက် KIA တပ်ရင်း ၅ နှင့် နမ္မတီးအနီး ကဆုန်ပါရှိ KIA တပ်ရင်း ၁၁ တွင်ဖြစ်သည်။

ပြီးခဲ့သည့်အပတ်မှ စတင်လာသည့် နှစ်ဖက်စစ်ရေးတင်းမာမှှုတွင် ယခုချိန်အထိ မြန်မာစစ်သား အနည်းဆုံး ၁၁ ဦးနှင့် KIA စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း KIA က ပြောသည်။

KIA အခြေစိုက်စခန်းအနီးမှ မြန်မာစစ်တပ်များ ဆုတ်ခွာခြင်း မ ရှိခြင်းကြောင့် “ရှေ့ဖြစ်ပေါ်လာမည့် ပြဿနာများ အားလုံးသည်” ဦးသိန်းစိန်ဦးဆောင်သည့် ဗဟိုအစိုးရ၌သာ တာဝန်ရှိမည်ဟု KIA က သတိပေးထားသည်။

Most read this week