သမ္မတဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အပေါ် ကချင်ဘက်မှ အမြင်များ

သမ္မတဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အပေါ် ကချင်ဘက်မှ အမြင်များ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည် ခရီးစဉ်နှင့် ပတ်သက်၍ ကချင်အဖွဲ့အစည်းများ အကြား အယူအဆ အမျိုးမျိုး ရှိနေကြသည်။

ရာစုနှစ်ဝက်ကျော်ကြာအောင် ကချင်တိုင်းရင်းသားများ ရပိုင်ခွင့် တိုက်ပွဲဝင်လာသည့် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) က တစုံတရာ မျှော်လင့်ချက်မျိုး မထားရှိကြောင်း ပြောသည်။

president-thein-sein“KIO အနေနဲ့ ဦးသိန်းစိန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောစရာ မရှိပါဘူး။ သူသွားလည်း ဘာမှ အကျိုးဖြစ်မှာ မဟုတ်ဘူး။ ဖြစ်လာစရာ အကြောင်းလည်း မရှိဘူး။ ဘာမှလည်း မမျှော်လင့်ပါဘူး။ အရင်ကလည်း သမ္မတ ဦးသိန်းစိန်ကို ဘာမှ မပြောခဲ့သလို၊ ခုလည်း ပြောစရာ မရှိပါဘူး။” ဟု KIO ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

KIO ကို “သောင်းကျန်းသူ” ဟု မြန်မာအစိုးရက ခေါ်ဆိုလိုက်သည့် ၂၀၁၀ စက်တင်ဘာလ နောက်ပိုင်း KIO နှင့် မြန်မာစစ်တပ် အကြား စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေသည်။

ကချင်လူမျိုးစုအတွက် ကိုယ်စားပြုသည့် ပါတီဟု ဆိုနေသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ခါတော်မှီ ဖွဲ့စည်းလိုက်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDPKS) မှ အတွင်းရေးမှူး ဦးဖောင်လာဂမ်ဖန် ကမူ ဦးသိန်းစိန်၏ ခရီးစဉ်နှင့်ပတ်သက်၍ မျှော်လင့်စရာများ ရှိနေသည်ဟု ယူဆသည်။

“ကချင်ပြည်နယ်အတွက်က စီးပွားရေးလမ်းတွေ ပွင့်လာမယ်။ နောက်ပြီး ခုကျတော်တို့ နေနေတာက နယ်စပ်မှာလေ။ အဓိကတော့ ငြိမ်းချမ်းရေး ဖြစ်စေချင်တယ်၊ အရှေ့ပိုင်းမှာ နေ နေတဲ့ တရုတ်အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပို လုပ်ပေးနိုင်မယ်လို့ ကျတော်တို့ မျှော်လင့်ပါတယ်။”

UDPKS ပါတီသည် စစ်ဗိုလ်ချုပ်ဟောင်းများ လူဝတ်လဲထားသည့် ကြ့ံခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်ပါတီ ဖြစ်သည်။

တရုတ် - မြန်မာ နှစ်နို်င်ငံဆက်ဆံရေးမှာ အစိုးရနှစ်ရပ် ပိုမို အကျိုးဖြစ်ထွန်းရန်အတွက်သာ ဦးတည်ဆောင်ရွက် နေခြင်း ဖြစ်သည်ဟု တရုတ် - မြန်မာ နယ်စပ်ရေးရာ ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“အစိုးရနဲ့ အကျိုးစီးပွားတူတူ လုပ်ကြတာပါပဲ။ မြန်မာပြည်သူများအတွက်တော့ ဘာမှ အကျိုးမဖြစ်လာနိုင်ပါ ဘူး။ သူတို့ ပိုရင်းနှီးဆက်ဆံလေ ပြည်သူအတွက် အနုတ်လက္ခဏာပဲ ရှိတာ။ တရုတ်ကတော့တိုင်းပြည်အေး ချမ်းအောင် အစွမ်းကုန် လုပ်ဆောင်နေတာပဲ။ ကချင်မြောက်ပိုင်းနဲ့ ရှမ်းနယ်စပ် ဒေသတွေမှာ ငြိမ်းချမ်းဖို့ အတွက်လဲ မြန်မာအစိုးရကို  တိုက်တွန်းနေတာပဲ” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်း ဧပြီလဆန်း၌ တရုတ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ မစ္စတာ ကျာချင်းလင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ သမ္မတ ဦးသိန်းစိန်အား နှစ်နိုင်ငံဆက်ဆံရေးတိုးတက် ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာ အစိုးရအနေနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်သည့်အကြောင်း ပြောဆိုသွားခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်သည် ပထမဦးဆုံး နိုင်ငံခြား ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သည့် စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွ့ံဖြိုးရေးအစိုးရသစ်ကို ပထမဆုံး အသိအမှတ်ပြု သဝဏ်လွှာ ပေးပို့သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

Most read this week