တရုတ် အဆင့်မြှင့် မိုင်းရှင်းကိရိယာသစ်များ မြန်မာကိုပေး

တရုတ် အဆင့်မြှင့် မိုင်းရှင်းကိရိယာသစ်များ မြန်မာကိုပေး
by -
ကချင်သတင်းဌာန

ဧပြီလကုန်ပိုင်းတွင် တရုတ်ကအဆင့်မြှင့်မိုင်းရှင်း ကိရိယာသစ်များကို မြန်မာစစ်တပ်သို့ ကုန်တင်ကား ၆ စီးဖြင့် ပေးပို့ခဲ့သည်ဟုနှစ်နိုင်ငံနယ်စပ်သတင်း ရပ်ကွက်မှ သိရသည်။

ကချင်ပြည်နယ်အရှေ့တောင်ဘက် မံဝိန်းကြီး တရားမဝင်နယ်စပ်ဂိတ်မှတဆင့် ၎င်းကိရိယာသစ်များကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု မူဆယ်နယ်စပ် စစ်ရေးလေ့လာသူများ ပြောသည်။

kia_soldier_frontline
၎င်းမိုင်းရှင်းကိရိယာများသည် မြန်မာစစ်တပ်လက်ရှိအသုံးပြုနေသည့် မိုင်းရှင်းကိရိယာများနှင့်မတူဘဲ မြေမြှုပ်မိုင်းနှင့် အခြားချိန်ကိုက်မိုင်းများရှာဖွေရာတွင် ပိုမိုအဆင့်မြှင့်ကြောင်း ဆက်ဆိုသည်။

ယခုထောက်ပံ့မှုသည် မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ General Xu Caihou ၏ နှစ်နိုင်ငံစစ်ရေးနှင့် အခြားပူးပေါင်းမှုများလက်မှတ်ရေးထိုးသည့် ၃ ရက်ကြာခရီးစဉ်မတိုင်ခင် ဖြစ်ပွားခဲ့သည်။

တရုတ်-မြန်မာစစ်ရေးပူးပေါင်းမှုသည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်ခံရန် ငြင်းဆန်ခဲ့သည့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ ‘၀’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (United Wa State Army)၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (Kachin Independence Army)၊ ရှမ်းပြည် တပ်မတော် (Shan State Army) ကဲ့သို့သော လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင်တပ်များကိုချေမှုန်းရန် ဖြစ်သည်ဟု နယ်စပ် စစ်ရေးလေ့လာသူများက သုံးသပ်သည်။ 

တရုတ်နိုင်ငံသည် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် မြန်မာအစိုးရသစ်၏ အဓိကမိတ်ဖက်နိုင်ငံ ဖြစ်ပြီး အဓိက လက်နက်ပံ့ပိုးသူလည်းဖြစ်သည်။ ရုရှား၊ မြောက်ကိုးရီးယား၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ ဆားဗီးယား၊ ယူကရိန်းနှင့် အစ္စရေးနိုင်ငံများသည်လည်း မြန်မာနိုင်ငံအား လက်နက်ထောက်ပံ့သည်။

မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ကချင်ပြည်နယ်တွင် KIAတားမြစ်နယ်မြေထဲသို့ ၀င်ရောက်ရန်ကြိုးပမ်းသည့် မြန်မာ စစ်တပ်သားများမှာ KIA ၏လုံခြံုရေးမိုင်းကြောင့် ၁၂ ဦးထက်မနည်း ထိခိုက်ခဲ့သည်ဟု KIAအရာရှိများ ပြောသည်။

Most read this week