စည်းလုံးခြင်းဖြင့် ကချင် လွတ်မြောက်ရေးအဖွဲ့မှ ပြည်သူ့စစ် ဖွဲ့စည်း

စည်းလုံးခြင်းဖြင့် ကချင် လွတ်မြောက်ရေးအဖွဲ့မှ ပြည်သူ့စစ် ဖွဲ့စည်း
by -
Nu Pan

ကချင်လူထု ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်အတူ စည်းလုံးညီညွတ်စွာ လူထုတစ်ရပ်လုံး ပါ၀င်နိုင်အောင် ပြည်သူ့စစ်သည် မရှိမဖြစ်ဖြစ်သည်ဟု KIO အရာရှိများ ပြောဆို ...

ကချင်လူထု ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်အတူ စည်းလုံးညီညွတ်စွာ လူထုတစ်ရပ်လုံး ပါ၀င်နိုင်အောင် ပြည်သူ့စစ်သည် မရှိမဖြစ် ဖြစ်သည်ဟု KIO အရာရှိများ ပြောဆိုခဲ့သည်။

၄၈ နှစ်မြောက် တော်လှန်ရေးနေ့ (ဖေဖေါ်ဝါရီ ၅၊ ၂၀၀၉) လိုင်ဇာဌာနချုပ်တွင်ကျင်းပတဲ့ ကချင်ရိုးရာမနောပွဲတွင် ယခုလို KIA လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံမှစစ်သားများ ပါ၀င်ဆင်နွှဲနေပုံ။ ဓါတ်ပုံ-ကချင်သတင်းဌာနKIO သည် ပြည်သူ့စစ်တပ် ဖွဲ့စည်းရန် မူချမှတ်ထားခဲ့ပြီး ဖြစ်သော်လည်း အကောင်အထည် မဖော်ခဲ့နိုင်သေးရာ စစ်အစိုးရနှင့် တင်းမာမှု တစတစ ကြီးထွားလာပြီး နောက်ပိုင်းမှ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ ဌာနချုပ်နေရာ၌ စတင် အကောင်ထည်ဖော်ခဲ့ကြောင်း အရာရှိများပြောဆိုသည်။

ထို့နောက်မှ ပြည်သူလူထုအား အတိအလင်း ကြေငြာ၍ လှုံ့ဆော်တိုက်တွန်း ပြောဆိုခဲ့သည်ဟု ကချင်ပြည်နယ်အရှေ့ဘက် KIO ဌာနချုပ်လိုင်ဇာ ဒေသခံတစ်ဦး ပြောသည်။

“နအဖဖက်က ပြည်သူတွေ မကြိုက်တဲ့ အစိုးရဆီမှာ အမှုထမ်းမလား ကိုယ့်ရဲ့ အမျိုးသားပေါ်မှာပဲ အမှုထမ်းမလား ဆိုပြီးတော့ အပေါ်ယံ သဘောပေါ့နော် အဲလိုမျိုးတော့ လမ်းခင်းပြတာပေါ့။ အဓိက အချက်တော့ လူထုတစ်ရပ်လုံးပိုပြီးတော့ ပါ၀င်နိုင်အောင် အားလုံး စုစုစည်းစည်းနဲ့ တခါထဲ ပါ၀င်နိုင်အောင် အင်အားကြီးမားတဲ့ အဖွဲ့စည်းတစ်ခု ဖြစ်အောင်ပေါ့ အဲလိုရည်ရွယ်ပြီးတော့ လုပ်တယ်လို့တော့ ပြောတယ်။”

ကချင်လူထုထဲမှ ပြည်သူ့စစ်တပ်ဖွဲ့စည်းရေးအား ကောင်းမွန်စွာနားမလည်သေးသောကြောင့် သဘောမတူညီမှုများရှိခဲ့သည့်အပေါ် အသေးစိတ်ရှင်းပြခဲ့ပြီး မည်သူတွေအမှုထမ်းနိုင်ကြောင်းကိုလည်း တနင်္လာနေ့တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်ထန်ဂမ်ရှောင်မှ တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများအား ခေါ်ယူရှင်းပြခဲ့သည်ဟု ဆိုသည်။

“ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ဖို့ပေါ့။ KIA အနေနဲ့ ဒေသခံပြည်သူတွေအားလုံးပါ၀င်တဲ့ တော်လှန်ရေးဖြစ်ဖို့ အဲဒီအကြောင်းကို ပိုပြီးရှင်းပြသွားတာပေါ ့ပြည်သူတွေလည်း အားလုံးပါ၀င်ရမယ်ဆိုပြီးတော့ အဓိကအဖြစ်တော့ ပြည်သူတွေအားလုံး တချို့ကနားမလည်တဲ့ဟာ တွေရှိတယ်။ တချို့က ကောင်းကောင်းမသိပဲနဲ့ လုပ်နေတဲ့ဟာရှိတယ် အဲဒါကြောင့် ပြည်သူတွေနားလည်သွားအောင် အသေးစိတ်ပြန်ပြီးတော့ ရှင်းပြတာပေါ့။”

“ပြည်သူ့စစ်အဖွဲ့ထဲမှာတော့ အရင်တုံးက KIA တပ်ဖွဲ့ဝင်ဟောင်းတွေ ပြီးတော့ကျမ်းမာရေးကောင်းတဲ့ တပ်ဖွဲ့ဝင်ဟောင်းနဲ့ ဒီအသက်ပြည့်ပြီးတဲ့ လူငယ်ပိုင်းတွေရော KIA တပ်ဖွဲ့နဲ့အတူ ၂၄နာရီ တာဝန် ထမ်းဆောင်နိုင်တဲ့အဆင့်ထိပေါ့ တကယ်လို့ အရေးကြုံလာရင် အဲလောက်ထိရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတယ် သူတို့က။”

KIA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်ထန်ဂမ်ရှောင်နှင့် အရပ်ဘက်အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ခံ လဂျောင်ခေါင်လွမ်းတို့ တိုက်တွန်းခဲ့သည့်အပေါ် အများစုကလည်း လက်ခံခဲ့သည်ဟု ပြောသည်။

“အဲဒီအဖွဲ့ထဲမှာ အားလုံးပါ၀င်ရမယ်ဆိုတာကို တော်တော်များက လက်ခံကြပါတယ်။ တကယ်လိုအပ်လို့ ကချင်တမျိုးသားလုံးအတွက် လိုအပ်လို့လုပ်တယ်၊ တာဝန်ထမ်းဆောင်တယ်ဆိုတာ တော်တော်လေးတော့ သဘောပေါက်တာတော့ ရှိကြပါတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးသည် လူထုတော်လှန်ရေးဖြစ်သောကြောင့် ယခုလိုဖွဲ့စည်းလိုသော်လည်း တဖက်တွင် စစ်အစိုးရနှင့် နိုင်ငံရေးအရ နားလည်မှုယူကာ စားပွဲပေါ်၌သာ၍ ဆွေးနွေးလိုသည်ဟု KIO နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်ပြောသည်။

“ကျွန်တော်တို့တိုင်းပြည်ကိုကာကွယ်ဖို့က ပြည်သူလူထုသော်လည်းကောင်း တပ်မတော်သော်လည်းကောင်း အဲတစ်ဦးစီမှာ တာဝန်ရှိကြတာဖြစ်တယ်။ တိုင်းပြည်ရေးကို စည်းစည်းလုံးလုံးကာကွယ်နိုင်မှာဖြစ်တယ်။ ဟိုတပ်မတော်ကနေ သူတို့စုဆောင်းတယ် အခုတက်လာမယ့်နိုင်ငံတော်အစိုးရက သူ့မှာ policy ရှိတယ်။ ဒါက သူတို့လည်းစစ်မှုမထမ်းမနေရဘူးဆိုပြီး သူတို့အဲဒါတွေကြေငြာတယ်။ ဒါကဘာမှားလို့လဲ ဘယ်တိုင်းပြည်မှာမဆို ဒါတွေရှိတယ်။ ကျွန်တော်တို့တိုင်းပြည်ကဖရိုဖရဲ ဟိုပြောဒီပြောဖြစ်လာတဲ့ အခါမှာ ကျွန်တော်တို့က ပြည်သူလူထုရဲ့စည်းလုံးညီညွတ်မှုကို လိုအပ်မယ်ဆိုတဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့စည်းလုံးညီညွှတ်မှု ရရှိအောင်လုပ်ခြင်းသာဖြစ်တယ်။”

နှစ်ဖက်တင်းမာနေဆဲအခြေအနေအရ KIO ၏ တိုက်တွန်းချက်အတိုင်း စည်းလုံးညီညွတ်မှုဖြင့် အင်အားတင်းမာအောင် ပြည်သူ့စစ်တပ်ဖွဲ့စည်းရေးတွင် လူငယ်များသာ၍  စိတ်အားထက်သန် နေကြသည်ဟု ဒေသခံတွေများပြောသည်။

သို့သော် KIO သည် ကချင်ပြည်သူလူထုအခွင့်အရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအားရှေးရှုခြင်းဖြစ်၍ သတ်ဖြတ်တိုက်ခိုက်ခြင်းအား အလျင်စလိုမရှိဟု ဗိုလ်မှူကြီး ဂျိမ်းစ်လွမ်းဒေါင် ပြောဆိုခဲ့သည်။

“ပြည်သူ့စစ်ဆိုတာက ဒါကိုတိုက်ပွဲဝင်ဖို့အင်မတန်အားကိုးလို့ မဟုတ်ပါဘူး။ သွားပြီးတော့မှ တိုက်ပွဲဝင်ဖို့ ဘယ်သူနဲ့တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့အာရုံစူးစိုက်တာ မဟုတ်ပါဘူး။ အခု KIO တွေ လက်နက်ကိုင်ခြင်းဟာ ကိုယ့်အမျိုးတွေ ကိုယ့်လူမျိုးစုတွေသော်လည်းကောင်း တိုင်းပြည်ကလူတွေသော်လည်းကောင်း ရသင့်ရထိုက်တဲ့အခွင့်အရေး မရရှိလို့သာလည်း ရလို့ရငြားဆိုပြီးတော့မှ ကိုယ်ထူကိုယ်ထ လုပ်ခြင်းသာဖြစ်တယ်။ အဲဒီဟာသာ ရလိုက်တယ်ဆိုရင် ဒါတွေဟာလုံးဝရှိတော့မှာမဟုတ်ဘူး။ ဒါကမုချပဲ။”

မြန်မာစစ်အစိုးရသည် KIO အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်ကို ငြင်းဆန်ပြီးနောက်မှစ၍ ယခုချိန်ထိ အခြေအနေတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး လက်ရှိအချိန်တွင်လည်း KIA တပ်အခြေချရာ နယ်စပ်များတွင် မြန်မာတပ်များနှင့် အချိန်မရွေးတိုက်ခိုက်မှု ဖြစ်ပွားနိုင်ကြောင်း အရှိများပြောဆိုခဲ့သည်။

Most read this week