စစ်ခေါင်းဆောင် သန်းရွှေ၏ အတ္ထုပတ္တိ စာအုပ် အိန္ဒိယနိုင်ငံတွင် ထုတ်ဝေ

စစ်ခေါင်းဆောင် သန်းရွှေ၏ အတ္ထုပတ္တိ စာအုပ် အိန္ဒိယနိုင်ငံတွင် ထုတ်ဝေ
by -
ကချင်သတင်းဌာန

“Than Shwe- Unmasking Burma’s Tyrant (မြန်မာ စစ်အာဏာရှင် သန်းရွှေ အကြောင်း)” အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ...

“Than Shwe- Unmasking Burma’s Tyrant (မြန်မာ စစ်အာဏာရှင် သန်းရွှေ အကြောင်း)” အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အတ္ထုပတ္တိစာအုပ် ကို နိုဝင်ဘာ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံတွင် ထုတ်ဝေခဲ့သည်။

စာရေးဆရာ ဘင်နီဒစ်ရောဂျာစ် မှ အိန္ဒိယနိုင်ငံတွင် နိုဝင်ဘာ ၁၆ နေ့က ထုတ်ဝေလိုက်တဲ့ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အတ္ထုပတ္တိ စာအုပ်။အင်္ဂါနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဘင်နီဒစ်ရောဂျာစ်က ထုတ်ဝေခဲ့သည်။ စာရေးသူသည် အင်္ဂလန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေး ကော်မရှင်၏ ဒု-ဥက္ကဋ္ဌနှင့် စီအက်စ်ဒဗလျူ ကမ္ဘာ့ခရစ်ယာန် ၀ံဿနု၏ အရှေ့အာရှရေးရာ အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

“သူ (သန်းရွှေ) ဒီစာအုပ်ကို ကြိုက်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ မကောင်းတဲ့ အကြောင်းအရာ အများအပြား ပါနေလို့ပါ” ဆိုပြီး စာရေးသူက ပြောသည်။

အာဏာရှင်သန်းရွှေကြောင့် မြန်မာပြည်သူများ ဒုက္ခပေါင်းစုံခံစားနေရသည့် အကြောင်းကို နိုင်ငံတကာမှ ပိုသိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ရေးရခြင်းဖြစ်သည်ဟု စာရေးသူ ရော်ဂျာစ် က ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောသည်။

“မြန်မာပြည်ကို ကူညီမှုပေးချင်ရင် စစ်အာဏာရှင်သန်းရွှေအကြောင်း သိဖို့လိုတယ်” ဟု စာရေးသူ က ပြောသည်။

မြန်မာ့အရေး ၁၀ နှစ်ကျော်လေ့လာခဲ့သူ စာရေးသူ ရော်ဂျာစ်က သန်းရွှေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အဓိက အရင်းအမြစ် ၃ ခုမှ စုစည်းရယူခြင်းဖြစ်သည်။

ပထမ သတင်းအရင်းအမြစ်သည် သန်းရွှေနှင့် ပုဂ္ဂိုလ်ရေးအရခင်မင်ရင်းနှီးခဲ့သူများနှင့် ဗိုလ်ချုပ်မှူးကြီးနှင့် စစ်သင်တန်းအတူတက်ရောက်ခဲ့သည့် တပ်ထွက်များထံမှဖြစ်သည်။

ဒုတိယ သတင်းအရင်းအမြစ်သည် နိုင်ငံတကာသံတမန်များမှဖြစ်ပြီး ၎င်းတို့ထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (၂၀၀၀-၂၀၀၈) ရာဇာလီအစ်မေးလ်နှင့် သန်းရွှေနှင့်တွေ့ဆုံခဲ့ဖူးသည့်
နိုင်ငံတကာ သံတမန်များပါ၀င်သည်။

တတိယ သတင်းအရင်းအမြစ်မှာ အာဏာရှင်သန်းရွှေ၏ ရက်စက်စွာအုပ်ချုပ်မှုအောက်၌ အသက်ရှင်နေထိုင်ရသော ပြည်သူများထံမှဖြစ်သည်။

“သူ့အတွက်အရမ်းဝမ်းနည်းတယ်။ ဒီကနေ့မြန်မာပြည်မှာဖြစ်ပျက်တဲ့ပြဿနာအားလုံးအတွက် တာဝန်အရှိဆုံး ဆိုတာကို သူ (သန်းရွှေ) လက်ခံရမယ်” ဟု မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ် နှင့် အိန္ဒိယ နယ်စပ်တစ်လျှောက် တိုင်းရင်းသားဒေသများသို့ အကြိမ်ကြိမ်ရောက်ရှိလေ့လာခဲ့သူ ရော်ဂျာစ် ပြောသည်။
“လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်သူဟာ တရားခံပဲ၊ တရားမျှတမှုတွေရှိလာမယ်လို့မျှော်လင့်တယ်” ဟု ဆက်ဆိုသည်။

ရော်ဂျာစ်၏စာအုပ်တွင် သန်းရွှေ နှင့် အောင်ဆန်းစုကြည်အကြား အဓိကကွာခြားချက်များကိုပါ နှိုင်းယှဉ်ရေးသားထားသည်။ နိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ခေါင်းဆောင် သန်းရွှေ က ဆယ်နှစ်ကျော်ထိန်းသိမ်းခဲ့သည်။

လတ်သလောရွေးကောက်ပွဲရလဒ်ကို “လုံးဝ လက်ခံနို်င်ဖွယ်မရှိသည့်အပြင် ရှက်ဖွယ်ရာရွေးကောက်ပွဲသာ ဖြစ်ကြောင်း” ရော်ဂျာစ်ကဆိုသည်။

သူဆက်ပြီး “နိုင်ငံတကာက ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုသည့်အပြင် မြန်မာစစ်ခေါင်းဆောင်များကို တိုးပြီးဝေဖန်နေပါတယ်” ဟု ပြောပါသည်။

“တကယ်လို့ တိုင်းရင်းသားများ ပါ၀င်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာမယ်ဆိုရင် ဒါဟာအပြုသဘော ဆောင်တဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာမှာပါ” ဟု စာရေးသူ ဘင်နီဒစ်ရော်ဂျာစ်က ပြောသည်။

Most read this week