သက်ကြီး ကချင်အမျိုးသမီး ၂ ဦး ယုဇန ဝန်ထမ်းတစ်ဦး၏ အဓမ္မပြုကျင့်၊ ရိုက်နက်ခြင်းခံရ

သက်ကြီး ကချင်အမျိုးသမီး ၂ ဦး ယုဇန ဝန်ထမ်းတစ်ဦး၏ အဓမ္မပြုကျင့်၊ ရိုက်နက်ခြင်းခံရ
by -
ကချင်သတင်းဌာန

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှ သက်ကြီး ဌာနေ ကချင်အမျိုးသမီး ၂ ဦး သည် ယုဇနကုမ္ပဏီ ဝန်ထမ်းတစ်ဦး၏ အဓမ္မပြုကျင့်ကာ ရိုက်နက်ခြင်းခံခဲ့ရ ...

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသမှ သက်ကြီး ဌာနေကချင်အမျိုးသမီး ၂ ဦး သည် ယုဇနကုမ္ပဏီ ဝန်ထမ်းတစ်ဦး၏ အဓမ္မပြုကျင့်ကာ ရိုက်နက်ခြင်းခံခဲ့ရသည်။

လီဒိုလမ်းမ နံဘေးတွင် ယုဇနကုမ္ပဏီမှ တည်ဆောက်နေသော စက်ရုံတရုံ။ ဓါတ်ပုံ-ကချင်သတင်းဌာနနိုဝင်ဘာ ၁၃ ရက်နေ့က ဟူးကောင်းရှိ ယုဇန စိုက်ပျိုးခြံ အနီးတွင် အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီး ၁ ဦးမှာ ဝရာဇွပ် ကျေးရွာမှဖြစ်ပြီး နောက် ၁ ဦးမှာ နမ်ဆိုင်းကျေးရွာမှ ဖြစ်သည်။

အသက် ၄ဝ ခန့် အမျိုးသမီးမှာ အဓမ္မပြုကျင့်ခံရပြီး အသက် ၆ဝ ခန့်အမျိုးသမီးမှာ မူးမဲ့လုနီးပါးဖြစ်အောင် ရိုက်နက်ခံရသည်ဟု ထိုအမျိုးသမီး ၂ ဦးနှင့် နီးစပ်သူများက ကချင်သတင်းဌာနသို့ ပြောပြသည်။

၎င်းအမျိုးသမီး ၂ ဦးသည်ကုမ္ပဏီစိုက်ပျိုးရေး စီမံကိန်းအနီး ရွှေမှော်ရှိသည့် ဘန်ကောက်ကျေးရွာသို့ စျေးရောင်းအသွားလမ်းတွင် ထိုယုဇနကုမ္ပဏီ လုပ်သမားကလိမ်ညာကာ တောထဲခေါ်ဆောင်သွားပြီး ယခုလိုပြုမူခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီလူက အဲလိုလုပ်ပြီးတော့ သူဟာ ၉၉ (ကုမ္ပဏီ နေရာအမည်) ကပါ၊ ခုလိုဖြစ်သွားတာ တောင်းပန်တယ်၊ နောက်ပြန်ဆုံကြအောင်လို့ပြောသွားတယ်” ဟု ယင်းအဖြစ်အပျက်ကိုသိသူတစ်ဦး ကချင်သတင်းဌာန သို့ပြောသည်။

နစ်နာသူ အမျိုးသမီး ၂ ဦးမှာ ဥပဒေရေးရာအရ မည်သို့တရားစွဲရန်နှင့် မည်သူကို အကူအညီတောင်းရန်လည်း မသိဘဲ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ရပ်ကွက်လူကြီးများကလည်း ယခုကိစ္စပေါ် သက်ဆိုင်ရာ စစ်အစိုးရအာဏာပိုင်များထံ မတိုင်ရဲဘဲ ကြောက်နေ ကြောင်း ဒေသခံများပြောပါသည်။

“ရွာလူကြီးက ကုမ္ပဏီနဲ့ အလုပ်ပေါင်းလုပ်တယ်၊ ပြီးတော့ စစ်အစိုးရနဲ့လည်း အလွန်ရင်းနှီးတဲ့အတွက် သူ ဘာမှ မလုပ်ပေးတာဖြစ်တယ်” လို့် ဝရာဇွပ် ရွာသားတစ်ဦးက ပြောသည်။

ရိုက်နက်ခံရသည့်အမျိုးသမီးမှာ ယခုချိန်ထိ ဆေးကုသမှု မခံရဘဲ မထနိုင်သောကြောင့် အိမ်ထဲတွင် နေနေရသည်။

ရန်ကုန်အခြေစိုက် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီသည် ၂ဝဝ၆ ခုနှစ်မှ ကချင်ဒေသ ဟူးကောင်းချိုင့်ဝှမ်းသို့ စတင်ဝင်ရောက်ကာ စစ်အစိုးရ၏ စနစ်တကျလုံခြံုရေး အကာအကွယ်ပေးမှုအောက် ဌါနေကချင်များ၏ လယ်ယာ ဥယျာဉ်ခြံများအပါအဝင် နယ်မြေ စုစုပေါင်း ဧက ၄ဝဝဝဝဝ ကျော်ကို အတင်းအဓမ္မသိမ်း ယူခဲ့သည်။

အတုန့်အပြန်အားဖြင့် နိုင်ငံတော်၏ လျှို့ဝှက်စီမံကိန်းဖြစ်သည့် အောက်မြန်မာပြည်မှ ဗမာလူဦးရေ နှစ်သိန်း ဟူးကောင်းချိုင့်ဝှမ်းသို့ နေရာချထားရေးကိုလည်း ယုဇနကုမ္ပဏီက အကောင်အထည်ဖော်ပေးနေရကြောင်း ကုမ္ပဏီ သတင်းရပ်ကွက်က ဆိုပါသည်။

ဒေသခံရွာသားများ နှင့် တဖက်က ဗမာအခြေချနေထိုင်သူများ နှင့် ယုဇနကုမ္ပဏီ အလုပ်သမားများကြား ယဉ်ကျေးမှု ခြားနားခြင်းပြဿနာကြောင့် မကြာခဏ တိုက်ခိုက်မှုများဖြစ်ပွားနေပြီး ကချင်အမျိုးသမီးများ အတွက် လုံခြံုရေး ပိုစိုးရိမ်နေရကြောင်း ဒေသခံများပြောသည်။

ဟူးကောင်းသို့ ယုဇနကုမ္ပဏီ ဝင်ရောက်လာချိန်မှစပြီး ဒေသခံကချင်အမျိုးသမီးများ အဓ္ဓမပြုကျင့်ခံရခြင်း ပြဿနာလည်း တိုးလာနေကြောင်း ဒေသခံများပြောသည်။

စောစောပိုင်းကလည်း ကချင်အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်ခံရပြီး ရွာသားတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသည်။ သို့သော် ပစ်မှုကျူးလွန်သူများကို အာဏာပိုင်များ ယခုထိထုတ်ဖော်နိုင်ခြင်း မရှိသေးပါ။

Most read this week