ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ အကြား ရှမ်းပြည် တောင်ပိုင်း၌ ဖြစ်ပွား နေသည့် နယ်မြေ အငြင်းပွားမှု ပြသနာ များအား ကြားနေ အဖွဲ့ များ၏ ဝင်ရောက် ညှိနှိုင်း ပေးမှုဖြင့် ဖြေရှင်း ကြရန် နှစ်ဖက် အဖွဲ့ ဆန္ဒ ရှိနေကြောင်း သက်ဆိုင်ရာ အဖွဲ့များမှ တာဝန် ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ပြောကြား ခဲ့သည်။
“နှစ်ဖွဲ့ လုံးပဲ ဆွေးနွေး ဖြေရှင်း သွားလို့ မရတော့ဘူး။ အကုန်လုံး ဆိုင်တဲ့ပြသနာ ဖြစ်နေတယ်။ အဲဒီ ဒေသမှာ‘၀’ အဖွဲ့လည်း ရှိတယ်၊ သူတို့လည်း ပါ၀င် ညှိပေးမှ ရမယ်” ဟု (PNLO) အဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့၌ ပြောကြား ခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း မောက်မယ် မြို့နယ်ကဒူးကြီး ဒေသတွင် နောင်တော် ကျေးရွာတွင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း စတင် လုပ်ဆောင် ခဲ့ခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ (၃) ရက်နေ့တွင် ရှမ်းပြည် တောင်ပိုင်း တပ်မတော် ခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့အကြား နှစ်ဖက် တပ်များ ထိတွေ့မှု ဖြစ်ခဲ့ပြီး အဆိုပါ ဒေသကို နှစ်ဖက် စလုံးမှ ပိုင်ဆိုင်ကြောင်း ပြောဆို ခဲ့ကြသည်။
ယင်းဒေသနှင့် နီးစပ်သူ ဒေသခံ ရှမ်းတိုင်းရင်းသား တစ်ဦးက “အဲဒီနေရာ ရှမ်းလည်း နေတယ်။ ပအို၀့်လည်း နေတယ်၊ အရင် ကတည်းက ရှမ်းတွေ နယ်မြေ ဖြစ်တယ်။ လူတွေ သိပ်မနေဘူး မြေကွက်လပ်ပဲ။ ရှမ်းစစ်သားတွေ သွားလာ တာတော့ တွေ့ရတယ်” ဟု ရွှေဟင်္သာ သတင်းဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့၌ ပြောကြား ခဲ့သည်။
နှစ်ဖက်တပ် စတင် ထိတွေ့မှု ဖြစ်ပွား ပြီးနောက် စက်တင်ဘာ (၁၁) ရက်တွင် နှစ်ဖက် အဖွဲ့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့ပြီး တိုက်ပွဲများ ထပ်မံ မဖြစ်ပေါ်ရန် အောက်ခြေ တပ်များ ထိန်းသိမ်း ရန်နှင့် အောက်တိုဘာ လအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေး ကြရန် သဘော တူညီမှု ရရှိ ခဲ့သည်။
ထိုသို့မူလ သဘောတူ ထားသည့် အောက်တိုဘာ လအတွင်း နှစ်ဖက် တပ်များ ထပ်မံ ဆွေးနွေး ရန်မှာ လက်တွေ့ အကောင်အထည် မပေါ်ခဲ့ သဖြင့် ပြသနာ ဖြေရှင်း နိုင်ရေး အတွက် ကြားနေ အဖွဲ့မှ ဝင်ရောက် ညှိနှိုင်း ပေးရန် လိုလားခြင်း ဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ပြောကြား လိုက်ခြင်း ဖြစ်သည်။
မည်သည့် အကြောင်းကြောင့် နှစ်ဖက် သဘောတူညီ ထားသည့် အတိုင်း မတွေ့ဆုံ နိုင်ခဲ့ကြသည့် အကြောင်းရင်းကို အသေအချာ မသိရ ကြောင်းလည်း RCSS/SSA အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူက ဗိုလ်မှူးကြီး စိုင်းလ က ပြောသည်။
“တွေ့ဖို့ ရှိတဲ့ သဘောတူ ထားကြတဲ့ အတိုင်း ဘာကြောင့် မတွေ့နိုင် ကြလဲ ဆိုတာ ကျနော်လည်း မသိဘူး ခင်ဗျ၊ ပအိုဝ်း ဘက်က မဆက်သွယ် လာတာလား ၊ ဘာအကြောင်းကြောင့် မတွေ့နိုင် ကြလဲ ဆိုတာ ကျနော်လည်း မသိရဘူး ခင်ဗျ” ဟု ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
RCSS/SSA ကလည်းယခု ပြသာနာ ဖြေရှင်း ပေးရန် အတွက် ‘၀’ အပါအဝင် အစိုးရ ဖက်မှလည်း ၀င်ရောက် ဖြေရှင်း ပေးစေ လိုကြောင်း RCSS ပြန်ကြားရေးနှင့် တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စိုင်းဦးက ပြောသည်။
“ဒီိပြသနာကို ညှိနှိုင်း ဖြေရှင်းဖို့ ကျနော်တို့ လိုလား ပါတယ်။ အချင်းချင်း တိုက်ပွဲတွေ မဖြစ်စေ ချင်ပါဘူး။ အစိုးရက ပအိုဝ်း အဖွဲ့ကို အဲဒီ နယ်မြေ ချပေး ကတည်းက ကျနော်တို့နဲ့ ပြသနာ ဖြစ်စေချင်လို့ လုပ်တယ်လို့ ယုံကြည်တယ်၊ အမှန်ဆို ကျနော်တို့ နယ်မြေ ထဲမှာ ဆိုတော့ ညှိနှိုင်း ပြီးတော့မှ လုပ်ခွင့် ပြုရ မှာလေ” ဟု ဗိုလ်မှူး စိုင်းဦးက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၁၀) ရက်နေ့၌ ပြောကြား ခဲ့သည်။
အစိုးရ အနေဖြင့် ထိုသို့ နယ်မြေ အငြင်းပွားဖွယ် ဖြစ်နိုင်သည့် ဒေသ၌ ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း များအား မချမှတ် ခင်၌ သက်ဆိုင်ရာ ဒေသ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ညှိနှိုင်းမှု ဦးစွာ လုပ်ဆောင် ပြီးမှ စီမံကိန်း နယ်မြေ ချမှတ် ပေးသင့်ကြောင်း နှင့် ယခု ထိုကဲ့သို့ ဖြစ်လာသည့် အတွက် အောက်ခြေမှ ဖြေရှင်း သော်လည်း မပြေလည် သည့်အတွက်အစိုးရ အနေဖြင့် ကြားဝင်ညှိနှိုင်း ပေးရန် တာဝန် ရှိသူဟု ဗိုလ်မှူး စိုင်းဦးက ဆက်လက် ပြောကြားသည်။