ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တို့ တိုင်းရင်းသား စုစည်း ညီညွတ်မှု တည်ဆောက်ရန် ယခုလအတွင်း အပြန်အလှန် စာပို့၍ နှစ်ဖက် အဖွဲ့အစည်းများ၏ နိုင်ငံရေး ရည်မှန်း ချက်နှင့် သဘောထား အမြင်များကို ဆွေးနွေး ဖလှယ် ခဲ့ကြကြောင်း လက်ခံရရှိထားသည့် နှစ်ဖက် အဖွဲ့ ပေးပို့ စာများ အရ သိရှိ ရသည်။
ဤသို့ ကချင် လွတ်လပ်ရေးအဖွဲ့မှ ကရင် အမျိုးသား အစည်းအရုံးသို့ စာပို့၍ ဆွေးနွေးခြင်းမှာ မှန်ကန်ကြောင်း နှင့် ၎င်းစာကို လက်ခံ ဖတ်ရှူ့ ခဲ့ရပြီ ဖြစ်ကြောင်းလည်း ကရင် အမျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်က စက်တင်ဘာ ၂၂ ရက်နေ့၌ အတည်ပြု ပြောကြား ခဲ့သည်။
ဤသို့ အပြန်အလှန် စာပို့၍ နိုင်ငံရေး ဆိုင်ရာ သဘောထား ညှိနှိုင်းခြင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် မဟာမိတ် ဆက်ဆံရေး လမ်းကြောင်းအရ ဆက်သွယ်၍ စာပို့ခြင်းသာ ဖြစ်ကြောင်းလည်း နော်စီ ဖိုးရာစိန်က ဆက်လက် ပြောကြား ခဲ့သည်။
“အဲဒါကတော့ မဟာမိတ် ဆက်ဆံရေး ကိစ္စနဲ့ ပုံမှန် ဆက်သွယ်ရေး အရ ပို့တာ ဖြစ်တယ်၊ ထူးထူး ခြားခြားတော့ မရှိ ပါဘူး” ဟု နော်စီဖိုးရာစိန်က ပြောသည်။
ဤစာအား ပြီးခဲ့သည့် KNU ဗဟို အလုပ်အမှုဆောင် ကော်မီတီ အစည်းအဝေး၌ တင်သွင်း ဖတ်ကြား ခဲ့ကြောင်း လည်း KNU အထွေထွေ အတွင်းရေးမှူး (၂) ပဒိုမန်းမန်းမှ အတည်ပြု ပြောကြား ခဲ့သည်။
KIO နိုင်ငံခြားရေး ဌာနမှမူ ၎င်းစာသည် ဥက္ကဋ္ဌ အချင်းချင်း လိပ်မူ ပေးပို့စာဖြစ်၍ မိမိတို့ အနေဖြင့် သိရှိ ပိုင်ခွင့် မရှိသလို သဘောထား အမြင်လည်း ထုတ်ဖော် မပြောကြား နိုင်ကြောင်း နိုင်ငံခြားရေး ဌာန၏ ဒု-တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းလွန်းဒေါင်က ပြောသည်။
“စာက ဥက္ကဋ္ဌ အချင်းချင်း ပေးပို့စာသာ ဖြစ်တဲ့ အတွက် ကျနော့်တို့ အနေနဲ့ ဒီကိစ္စကို အမြင် သဘောထား ပေးနိုင် တာမျိုး မရှိပါဘူး” ဟု ဂျိန်းလွန်းဒေါင်က ဆိုပါသည်။
ထပ်မံ၍ လိုင်ဇာဌာနချုပ်မှ KIO ထိပ်တန်း ခေါင်းဆောင် များအား ရွှေဟင်္သာ သတင်းဌာနမှ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း စာပေးပို့ ခဲ့ကြောင်း ဝန်ခံမှု မရှိ ခဲ့သလို၊ သဘောထား အမြင် ပေးရန်လည်း မရှိကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စု အရေးအတွက် အခြားသော မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် လက်တွဲကာ စုစည်း ညီညွတ်သော အင်အား တည်ဆောက်သွားရန် KIO မှ ဆန္ဒ ရှိကြောင်း KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား၏ စက်တင်ဘာလ ၁၅ ရက်နေ့ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးအား လိပ်မူ ပေးပို့ စာ၌ ဖော်ပြ ပါရှိသည်။
ထို KIO ဥက္ကဋ္ဌ၏ ပေးပို့စာအား စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် KNU မှ အကြောင်း ပြန်ကြားခဲ့ကာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်သွားရန် သဘောထား ရှိသော်လည်း ကရင့်နိုင်ငံရေး ကံကြမ္မာအား တစ်ဖွဲ့၊ တစ်ဦး ထံ၌ အပ်ကွက်မည် မဟုတ်ဟု အကြောင်းပြန်ကြားစာ ပေးပို့ ခဲ့သည်။
ယခု ကဲ့သို့ အပြန်အလှန် စာပို့၍ သဘောထား ညှိနှိုင်းခြင်းသည် UNFC ညီလာခံမှ KNU အစည်းအဝေး မတက်ရောက်ပဲ ထွက်ခွာသွားပြီးနောက် ပထမဆုံး အကြိမ် ထွက်ပေါ် လာည့် ညှိနှိုင်းခြင်း ဖြစ်သည်။
KNU မှ တနိုင်ငံ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲအား တက်လှမ်းလိုသည့် သဘောထား ရှိကာ KIO မှမူ နိုင်ငံရေး ဆွေးနွေးရန် သေချာသည့် ကတိ ကဝတ် ရှိမှသာ အပစ်အခတ် ရပ်စဲရေးကို ပြုလုပ်ရန် လိုလားသည့် သဘောထား ရှိနေခဲ့သည်။
သို့သော်လည်း အပစ်အခတ် ရပ်စဲရေး ပြုလုပ် ရန်မှာ လက်ရှိ ညှိနှိုင်းနေသည့် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ၏ ညှိနှိုင်းမှု ၌သာ မူတည်၍ နှစ်ဖက် သဘောထားတင် မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထား ပေါ်၌သာ မူတည်ကြောင်း နော်စီ ဖိုးရာစိန်က ထောက်ပြ ပြောဆို ထားခဲ့သည်။