တူညီသော သဘောထားပူးပေါင်း လုပ်ဆောင်ဖို့ ဗိုလ်ချုပ် ဂွမ်မော်နှင့် ၈၈ တို့ ဆွေးနွေး

တူညီသော သဘောထားပူးပေါင်း လုပ်ဆောင်ဖို့ ဗိုလ်ချုပ် ဂွမ်မော်နှင့် ၈၈ တို့ ဆွေးနွေး
by -
ရွှေဟင်္သာ

အနာဂါတ် နိုင်ငံ ရေးတွင် တူညီသော နိုင်ငံရေး သဘောထား များကို အတူ ပူးပေါင်း ဆောင်ရွက်ရန် ယမာန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ၌ ၈၈ မျိုးဆက်  (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း) အဖွဲ့ နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ တွေ့ဆုံ ခဲ့စဉ် မူအရ သဘော တူညီ ခဲ့ကြကြောင်း ၈၈ မျိုးဆက် အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုအံ့ဘွယ်ကျော်က ပြောသည်။

“တွေ့တဲ့ အချိန်က တစ်နာရီ လောက်ပဲ အချိန်ရတယ်၊ ဆွေးနွေးတဲ့ အကြောင်း အရာ ကလည်း ကြီးတော့ မူအရ ဘာတွေ ပူးပေါင်း လုပ်ဆောင် နိုင်မလဲ ဆိုတာ ဆွေးနွေး ကြတယ်၊ အနာဂါတ် နိုင်ငံရေးမှာ တူညီတဲ့ သဘော ထားတွေ ထားပြီး ပူးပေါင်း လုပ်ဆောင် သွားဖို့ မူအရတော့ သဘောတူ ခဲ့ကြတယ်” ဟု ကိုအံ့ဘွယ်ကျော်က ပြောသည်။

သို့သော်လည်း လုပ်ငန်း အကောင် အထည် ဖော်ရန် အတွက်မူ လိုအပ်သည့် အသေးစိတ် ညှိနှိုင်းမှုကို ထပ်မံ တွေ့ဆုံ ညှိနှိုင်း ရဦးမည် ဖြစ်ကာ အခြေအနေ ပေးသည့် အလျောက် KIO အဖွဲ့နှင့် ထပ်မံ တွေ့ဆုံ သွားရန်လည်း ရှိကြောင်း ဆိုပါသည်။

နိုဝင်ဘာလ ၁၉ ရက် ညနေ ၄းဝဝ နာရီတွင် ရန်ကုန်မြို့၊ ဓမ္မစေတီ လမ်းရှိ Business Alliance Hotel တွင် KIA ဒုတိယ စစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွမ်မော်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ အကြား တစ်နာရီ ကျော်ကြာ တွေ့ဆုံ ခဲ့ကြစဉ် ယခုကဲ့သို့ သဘောတူ နိုင်ခဲ့ ကြခြင်း ဖြစ်သည်။

ထိုတွေ့ဆုံ ပွဲသို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှကိုကိုကြီး၊ ကိုမြအေး၊ ကိုပြံုးချို၊ ကိုအံ့ဘွယ်ကျော် နှင့်ကိုထွန်းမြင့်အောင်တို့မှ ဗိုလ်ချုပ် ဂွမ်မော်အား သွားရောက် တွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံချိန် တစ်နာရီကျော် အတောအတွင်း အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေးနှင့် တိုင်းရင်းသား ရေးရာ ကိစ္စရပ် များကို အဓိကထား ဆွေးနွေး ခဲ့ကြစဉ် နှစ်ဖက် ယခုကဲ့သို့ မူတစ်ခုအား သဘောတူညီ နိုင်ခဲ့ဖြင်း ဖြစ်ကြောင်း ဆိုပါသည်။

မြန်မာ နိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နိုင်ငံရေး လှုပ်ရှားမှု အသွင် သဏ္ဍာန်နှင့် ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှု အသွင် သဏ္ဍာန် တို့အကြား တူညီသည့် သဘောထားများ ချမှတ်ကာ ပူးပေါင်း လုပ်ဆောင် နိုင်ရေး ဆွေးနွေး ခဲ့ခြင်းလည်း ဖြစ်ကြောင်း ကိုအံ့ဘွယ်ကျော်က ဆိုပါသည်။

မြန်မာ နိုင်ငံသား နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် အတွက် ရန်ကုန်သို့ ရောက်ရှိ နေသည့် KIA ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်သည် ဗိုလ်ချုပ် လအောင်၊ ဗိုလ်ချုပ် စင်ဟွာတို့ လိုက်ပါလာပြီးရန်ကုန်မြို့သို့ နိုဝင်ဘာလ (၁၇) ရက်နေ့ ည၌ ပထမဆုံး အကြိမ် အဖြစ် ရောက်ရှိ ခဲ့ပါသည်။

ရန်ကုန်သို့ ရောက်ရှိခိုက် ပြည်တွင်း အခြေစိုက် သတင်းမီဒီယာ များအား တွေ့ဆုံ ခဲ့သလို ယမာန်နေ့ နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက်၌ အမေရိကန် သံအမတ် ဒဲလ်ရစ် မစ်ချဲလ်အား သွားရောက် တွေ့ဆုံ ခဲ့သလို ဦးတေဇ တို့နှင့်လည်း တွေ့ဆုံ ခဲ့သလို စမ်းချောင်း မြို့နယ်၊ ရွှေပြင်အေး လမ်းရှိ ကချင် နှစ်ခြင်း ဘုရားကျောင်း၌ ကချင် ပြည်သူ (၂၀၀၀) ခန့်နှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။

၄င်း ရန်ကုန်မြို့သို့ ရောက်ရှိ နေစဉ်၌ KIA တပ်များနှင့် အစိုးရ တပ်များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိနေသော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိ ရေးနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပေါ်ပေါက် လာရန် ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း Business Alliance Hotel သတင်းစာ ရှင်းလင်းပွဲ ၌ပင် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြား ခဲ့ပါသည်။

ထိုမှ တဆင့် NCCT ၏ ဒု-အဖွဲ့ ခေါင်းဆောင် (၂) လည်း ဖြစ်သည့် ဗိုလ်ချုပ် ဂွမ်မော်သည် ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ ယခု နိုဝင်ဘာလ တတိယ ပတ်တွင် ကျင်းပမည့် နိုင်ငံရေး ပါတီ များနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တို့၏ တွေ့ဆုံု ပွဲအား တက်ရောက်ရန် ရှိနေပါသည်။

တဆက်တည်း ကျင်းပမည့် တိုင်းရင်းသား အဖွဲ့များ “လိုင်ဇာ” ကွန်ဖရင့်၌ ဖွဲ့စည်း ထားသည့် တပြည်လုံး အပစ်ရပ်ရေး အတွက် အစိုးရမှ ပေးပို့ ထားသော အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) ၏ အစည်းအဝေး သို့လည်း တက်ရောက်မည် ဖြစ်သည်။

Most read this week