ဖုန်းဆင်းကဒ်များကို ခြစားခဲ့သည့် အုပ်ချုပ်ရေးမှူးများအားအရေးယူ

ဖုန်းဆင်းကဒ်များကို ခြစားခဲ့သည့် အုပ်ချုပ်ရေးမှူးများအားအရေးယူ
by -
ရွှေဟင်္သာ

ပြည်သူ လူထု တယ်လီဖုန်း ဆင်းကဒ် ခွဲတမ်းများ အပေါ် ခြစားမှု ပြုလုပ် ခဲ့သည့် မွန်ပြည်နယ် ချောင်းဆုံ မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် အခြား အဆင့် အုပ်ချုပ် ရေးမှူး များအား မွန်ပြည်နယ် အစိုးရ အဖွဲ့မှ အရေးယူ တော့မည် ဖြစ်ကြောင်း ချောင်းဆုံ မြို့နယ်မဲဆန္ဒ နယ်မှ ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက နှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ တို့က ပြောသည်။

ရောင်းချ ခဲ့မှုတွင် ပါဝင် ခဲ့သော ချောင်းဆုံ မြို့နယ် ဒုဦးစီမှူး (၂) ဦးသည် နေရာ ပြောင်းရွှေ့ ခံရပြီး မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ထွန်းသိန်းသည် (၆) လကြာ ရာထူးတိုး ရပ်ဆိုင်း ရကာ ချောင်းဆုံ မြို့နယ် တွင်းရှိ ရွာပေါင်း (၄၅) ရွာမှ အုပ်ချုပ် ရေးမှူး များကို မိမိတို့ ရောင်းချ ထားသော ဆင်းကဒ် ပြန်လည် ဖြည့်ဆည်း ပေးရမည်ဟု ပြည်နယ် အစိုးရ အဖွဲ့က ဆုံးဖြတ် ထားကြောင်း မွန်ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ထို့အတူ ထိုစက်တင်ဘာလ ခွဲတမ်း ထဲမှ ချောင်းဆုံ မြို့နယ် (၄၅) ရွာအတွက် ရရှိ ထားသည့် ပြည်သူ လူထု ခွဲတမ်း ထဲမှ ပြန်လည် ရောင်းချ ခဲ့သည့် အတွက် (၄၅) ကဒ်လုံး  ပြန်လည် ရရှိ စေရန် အတွက် တာဝန် ရှိသူ များက စီစဉ် ပေးရမည် ဖြစ်ကာ (၄၅) ကဒ်ကို ရောင်းချ ထားသည့် ကျေးရွာ အုပ်ချုပ် ရေးမှူး များက ရှာထည့် ပေးရမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောသည်။

ထိုကဲ့သို့ ဆင်းကဒ် ခွဲတမ်အား ရောင်းချမှု ပြုလုပ် ရခြင်း၏ အဓိက အကြောင်းမှာ ပြီးခဲ့သည့် အောက်တိုဘာ လတွင် ကျင်းပ ပြုလုပ် ခဲ့သည့် အကြိမ် (၂၀) မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ရန်ပုံငွေ အတွက် ဖြစ်ကာ ကျေးရွာ အုပ်ချုပ် ရေးမှူး များသည် (၄၅) ရွာထဲမှ ချထား ပေးသော ဆင်းကဒ် များကို တစ်ကဒ်စီ နှုတ်ပြီး ရောင်းချကာ ရရှိသော ငွေ (၄၇) သိန်း (၂) သောင်းကျပ် ထဲမှ (၁၁) သိန်းကျပ်ကို ဆို၊ က၊ ရေး၊ တီး အလှူငွေ အဖြစ် ထည့်ဝင် ခဲ့ပြီး ကျန်ငွေ (၃၆) သိန်း (၂) သောင်း ကျပ်ကို အတိုးငွေ ချစား ထားခဲ့သည်။

ထို ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အလှူငွေ အတွက် ချောင်းဆုံ မြို့နယ် တွင်းရှိ ရွာပေါင်း (၄၅) ရွာမှ တစ်ရွာကို (၃) သောင်းကျပ်စီ ထည့်ဝင် ပေးရမည် ဖြစ်ကာ ၄င်းအား ရွာတွင်းသို့ အလှူခံခြင်း မပြုလုပ် ခဲ့ဘဲ မြို့နယ် အုပ်ချုပ် ရေးမှူးမှ ဆင်းကဒ် ခွဲတမ်းကို ရောင်းချ ခဲ့ခြင်းဖြင့် အလွယ် ဖြေရှင်း ခဲ့ခြင်း ဖြစ်သည်။

“အုပ်ချုပ် ရေးမှူး တွေက ကိုယ်ကျိုး အတွက် သုံးတာ မဟုတ်ပေမယ့် ဆို၊ က၊ ရေး၊ တီး အတွက် ရောင်းစား ထားတာက လုပ်နည်း လုပ်ဟန်တွေက လွဲနေ တယ်လေ အဲဒါကြောင့် ဒီလို အရေး ယူဖို့ ပြည်နယ် အစိုးရကို တောင်းဆို တာပါ” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုပါသည်။

ထိုချောင်းဆုံ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြား အဆင့် အုပ်ချုပ် ရေးမှူးများ တယ်လီဖုန်း ဆင်းကဒ် ရောင်းစား၍ ခြစား ခဲ့သည့် ဖြစ်စဉ်အား အောက်တိုဘာလ (၁၆) ရက်နေ့တွင် ဦးအောင်နိုင်ဦးက ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကာ ၄င်းအား အရေးယူ ပေးနိုင်ရန် မွန်ပြည်နယ် အစိုးရအား တိုင်ကြား ခဲ့ပါသည်။

ထို ဒေါက်တာ အောင်နိုင်ဦး၏ ရှာဖွေ တွေ့ရှိချက် များမှာ စွပ်စွဲချက် သာလျှင် ဖြစ်ကာ ၄င်းအား ဖြေရှင်း ပေးရန် အတွက် ပြီးခဲ့သည့် အောက်တိုဘာလ (၂၅) ရက်နေ့တွင် ချောင်းဆုံ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းက ဒေါက်တာ အောင်နိုင်ဦးအား ဆင့်ခေါ်စာ ပို့ကာ လာရောက် ဖြေရှင်းရန် ဆင့်ခေါ် ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ထိုဦးအောင် ထွန်းသိန်း၏ ဆင်းကဒ် များအား ရောင်းချ ထားခဲ့သည့် လုပ်ရပ် များမှာ ပေါ်လွင် ထင်ရှား ခဲ့သဖြင့် ယခု ကဲ့သို့ ပြည်နယ် အစိုးရမှ အရေးယူရန် ကိုင်တွယ် ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ ဆို၊ က၊ ရေး၊ တီး ရန်ပုံငွေ အတွက် တယ်လီဖုန်း ဆင်းကဒ်ကို ခြစားမှု ပေါ်ပေါက် ခဲ့သဖြင့် လာမည့် နှစ်တွင် ထပ်မံ ပြုလုပ်မည့် ဆို၊ က၊ ရေး၊ တီး အတွက် ကုန်ကျမည့် ဘတ်ဂျက် ငွေကို မွန်ပြည်နယ် အစိုးရမှ မွန်ပြည်နယ် လွှတ်တော်သို့ တင်ပြ တောင်းခံ ထားကြောင်း လည်း ဒေါက်တာ အောင်နိုင်ဦးက ဆိုပါသည်။

Most read this week