နှစ်နိုင်ငံ ရောင်းကုန် ပစ္စည်းများ ခင်းကျင်းမှု နှင့်အတူ နှစ်နိုင်ငံ နယ်စပ် ရင်းနှီး မြှုပ်နှံမှု နှင့်ကူးသန်း ရောင်းဝယ်မှု ကို တိုးမြှင့် လာစေရန် ရည်ရွယ်သည့် ထိုင်းနိုင်ငံ တာပ်ခရိုင် ကုန်သည်ကြီးများ အဖွဲ့သည် မွန်ပြည်နယ် နှင့် ကရင်ပြည်နယ် ကုန်သည်ကြီးများ အား ယမန် နေ့တွင် ထိုင်းနိုင်ငံမဲ ဆောက်မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။
“ဤအစီအစဉ်ကို ဆောင်ရွက် ခဲ့တာက နှစ်ဖက် လုပ်ငန်းရှင်တွေ တစ်စု တစ်စည်းတည်း တစ်နေရာ တည်းမှာ တွေ့ပြီး တနေရာတည်း မှာ လုပ်ငန်းတွေ ဆောင်ရွက်လို့ ရအောင် ရင်နှီး မြှုပ်နှံမှု ကုန်သွယ် ရောင်းဝယ် နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်တယ်” ဟု ဖြစ်မြောက်ရေး အတွက် စီစဉ် ဆောင်ရွက်သူ သိရိဟံသာ ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦး နေဇော်အောင်မှ ဆိုခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ တာပ်ခရိုင် နယ်စပ် ကုန်သွယ်ရေး အဖွဲ့ကို တာပ်ခရိုင် ဥက္ကဌမှ ဦးဆောင်ပြီး မြန်မာနိုင်ငံမှ သိရိဟံသာ ကုမ္ပဏီ ဦးဆောင်သော ကုန်သည်ကြီး (၂၀) ဦးခန့် တက်ရောက် ခဲ့ပါသည်။
မြန်မာ ကုန်သည် အသင်းမှ ခင်းကျင်း ထားသော ရောင်းကုန် ပစ္စည်းများ အနက်မှ စိုက်ပျိုးရေး ထွက်ကုန် ပစ္စည်းများ၊ ရေထွက် ကုန်ပစ္စည်းများ၊ သတ္တုတွင်း ထွက်ကုန် ပစ္စည်း များကို ထိုင်းကုန်သည် များက အဓိက ဝယ်ယူခဲ့ကြောင်း၊ မြန်မာဖက်ကမူ ထိုင်းနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၊ သားရေထည် ပစ္စည်း၊ စားသောက်ကုန် ပစ္စည်းများ၊ အိမ်သုံး ပစ္စည်း အမျိုးမျိုး၊ အလှကုန် ပစ္စည်းများကို အဓိက ဝယ်ယူ ခဲ့ကြောင်း တာခ်ခရိုင် နယ်စပ် ကုန်သွယ်ရေး အဖွဲ့မှ အတွင်းရေးမှူး မစ္စစ် စကောင်းဇုဆိုင်းချေ့ မှ ပြောသည်။
ဤဒုတိယအကြိမ် တွေ့ဆုံမှုတွင် ဘတ်ငွေ သန်းပေါင်း (၆၀) ခန့် ရောင်းဝယ်နိုင် ခဲ့ကြပြီး ပထမအကြိမ် တွေ့ဆုံမှုတွင် ဘတ်ငွေ သန်းပေါင်း (၅၀) ခန့်ရောင်းဝယ် နိုင် ခဲ့ကြသဖြင့် တိုးတက်မှု ရှိလာသည်ဟု ဆိုပါသည်။
ထိုင်းကုန်ပစ္စည်း များသည် မြန်မာ့ စျေးကွက်နှင့် ရင်းနှီး ပြီးသား ဖြစ်ပါသည်။ သို့သော်လည်း အရည်အသွေး မြင့်သည့် ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ် ကုန်သွယ် နိုင်မှုသည် ထိုင်းမြန်မာ နှစ်နိုင်ငံ၏ အနာဂတ် ကုန်သွယ်မှု ကို ပိုမိုခိုင်မာ အားကောင်းလာ စေမည် ဖြစ်ကြောင်း ဖွင့်ပွဲတွင် ဥက္ကဋ္ဌ အဖြစ် တက်ရောက် ခဲ့သည့် တာခ်ခရိုင်ဝန် မစ္စတာ ဆူရိယ ပရာ ဇာတ်ဗာန်ဒိတ်စ် မှ ပြောကြား သွားခဲ့ပါသည်။
ထို့အပြင် ထိုင်းနိုင်ငံ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းရှင် များကလည်း မြန်မာနိုင်ငံ၏ ဆေးရုံ၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီး သွားလာရေး၊ ရေထွက်ပစ္စည်း ထုတ် လုပ်ရေးလုပ်ငန်း တို့၌လည်း ရင်းနှီး မြုပ်နှံရန် အခြေအနေ ကောင်းများ ရှိနေသည် ဟုဆိုပါသည်။
ဤကဲ့သို့ ရင်းနှီး မြှုပ်နှံမှု နှင့် ရောင်းဝယ် ဖေါက်ကားမှု အပြင် မဲဆောက်မြို့ရှိ အိမ်မိုး သွပ်ပြား ထုတ်လုပ်သည့် စက်ရုံသို့ လည်းကောင်း ကြံရည်မှ ဇီဝ လောင်စာ ထုတ်လုပ်သည့် စက်ရုံ (Mae Sot Clean Energy Co.Ltd) သို့ လည်းကောင်း မြန်မာ ကုန်သည်များကို လှည့်လည် ပြသခဲ့ပါသည်။
မြန်မာ နိုင်ငံသည် ထိုင်းနိုင်ငံ၏ ဆဋ္ဌမမြောက် ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သလို လာမည့် ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန် သွယ်မှုအား ၃ ဆအထိ ဖြစ်သည့် အမေရိကန် ဒေါ်လာ ၆.၁ ဘီလျံထိ တိုးမြှင့် ကုန်သွယ် နိုင်ရေးကို သဘောတူ ထားခဲ့ကြ ပါသည်။
ပြီးခဲ့သည့် ဂျူလိုင်လ ထုတ်ပြန်သည့် တရားဝင် စာရင်း ဇယားအရ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ အမေရိကန် ဒေါ်လာ ၄၂ သန်း ကုန်သွယ်ခဲ့ပြီး ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံအား အမေရိကန် ဒေါ်လာ ၁၇၃ သန်းကုန်သွယ် ခဲ့ကြောင်း ဖော်ပြ ထားပါ သည်။