အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ၌ လက်မှတ် ထိုးခြင်း၊ မထိုးခြင်းသည် အပစ်ရပ် ထားသည့် အဖွဲ့အစည်း အပေါ် အစိုးရမှ ထားရှိသည့် သဘောထား အခင်းအကျဉ်း၌ မူတည် သည်ဟု သဘောထား ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) မှ ပြောရေး ဆိုခွင့် ရှိသူ ဦးအောင်မြင့်က ဆိုပါသည်။
“ အစိုးရက ဖိတ်ရင် အခမ်းအနား ကိုတော့ ကျနော်တို့ တက်မှာပါ။ ဒါမှသူတို့ ဘာလုပ်မယ်ဆိုတာ သိရတာပေါ့။ ဒါပေမဲ့ အခုချိန်ထိ ဘာမှ မသိရသေးဘူးလေ။ လက်မှတ် ထိုးခိုင်း ရင်တော့ ကျနော်တို့လည်း ပြန်လည် စဉ်းစားရတော့ မှာ ပေ့ါ။ အပစ်ရပ် ထားတဲ့ အဖွဲ့အစည်းတွေ အပေါ်မှာ အစိုးရက ထားရှိတဲ့ သဘောထား အခင်းအကျဉ်းတွေကို ပြန်လည် သုံးသပ်ပြီး မှဘဲ ထိုးသင့် မထိုးသင့် ဆုံးဖြတ်မှာပေါ့။ ဒီကိစ္စမှာ ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်” ဟု ဆိုပါသည်။
အဆိုပါ အခမ်းအနားကို တက်ရောက် ပါရန် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းသည် ပြီးခဲ့သည့် စက်တင် ဘာလ (၃) ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရွှေတြိဂံ ဒေသတိုင်းစစ် ဌာနချုပ်သို့ လာရောက် စဉ် “ဝ” သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) ကိုယ်စားလှယ ်များအား ပြောကြား ခဲ့ပါသည်။
သို့သော် မည်ကဲ့သို့ လုပ်ဆောင် ရမည်ကို ပြောကြား သွားခဲ့ခြင်းမရှိသည့် အတွက် UWSP အနေဖြင့် သာမန် အခမ်းအနား တခုကို တက်ရောက်ရန် ဖိတ်ကြားခြင်းသာ ဖြစ်ကြောင်း ယူဆ ထားသဖြင့် လက်မှတ် ထိုးပွဲမှာ
ပါ၀င်မည် မဟုတ် ဟု ဆိုခြင်း ဖြစ်ပါသည်။
UWSP တို့ နားလည် ထားသည်မှာ ယခု ကျင်းပမည့် တပြည်လုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အခမ်း အနားသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်းမှ တက်လာသည့် အစိုးရ သစ်နှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား၌သာ သက်ဆိုင် သည်ဟု ယုံကြည် ထားကြောင်း ဦးအောင်မြင့်က ဆိုပါသည်။
UWSP/UWSA အဖွဲ့သည် ၁၉၈၉ ခုနှစ် ကတည်းက အပစ် ရပ်စဲ ထားပြီး ယနေ့ အထိ ပျက်ပျယ် ခဲ့ခြင်း မရှိပေ။ ဤသို့ကြောင့် လက်ရှိ ဖိတ်ခေါ်နေသော လက်မှတ် ထိုးပွဲ၌ မသက်ဆိုင်ကြောင်း ခံယူ ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
၂၀၁၀ ခုနှစ် နောက်ပိုင်း တက်လာသော အစိုးရ သစ်သည်လည်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၃) ဖွဲ့နှင့် ယုံကြည်မှု တည်ဆောက် ရာတွင် သဘောထား ပြေလည်မှုများ မတွေ့ရသေးကြောင်း ဦးအောင်မြင့်က ဆိုပါသည်။
အကြောင်းမှာ အစိုးရသည် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များနှင့် သဘောတူ ထားသည့် ကိစ္စရပ်များကို တိကျသော ဖြေရှင်းချက် များဖြင့် ပြေလည်သည် အထိ အကောင်အထည် ဖေါ်မှု မရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည်ဟု သုံးသပ်ခဲ့ပါသည်။
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး ပါတီ (UWSP ) နှင့်လည်း ပြီးခဲ့သည့် ဇွန်လ တတိယ ပတ်တွင် ရှမ်းပြည် တောင်ပိုင်း ဒေသရှိ တပ်ဖွဲ့ များနှင့် စစ်ရေး တင်းမာမှု အခြေအနေ များဖြစ်ပွား ခဲ့ပြီး “ဝ” တပ်ဖွဲ့အား တပ်လှန့် ထားခဲ့ရသည် အထိ ဖြစ်ခဲ့ပါသည်။
ယင်းပဋိပက္ခတွင် နှစ်ဖက် ခေါင်းဆောင် များသည် ရှမ်းပြည် တောင်ပိုင်း ကျိုင်းတုံမြို့ရှိ ရွှေတြိဂံ ဒေသတိုင်းစစ်ဌာန ချုပ်တွင် ပြီးခဲ့သည့် ဇူလိုင်လ၌ တွေ့ဆုံဆွေးနွေး ခဲ့ရာ သဘော တူညီချက် (၅) ချက်ဖြင့် ပြေလည် စေခဲ့ပါသည်။
UWSP သည် ရှမ်းပြည် တောင်ပိုင်းသို့ အခြေချ လာခဲ့သည်မှာ (၂၄)နှစ် ရှိခဲ့ပြီး ဖြစ်သော်လည်း အစိုးရသည် ယနေ့ အထိ စစ်အင်အားဖြင့် လာရောက် တိုက်ခိုက်မှုများ မရှိခဲ့ဟု ဦးအောင်မြင့်က ဆိုပါသည်။
လောလောဆယ် တွင်လည်း အစိုးရသည် သန်းခေါင် စာရင်း ကောက်ယူရေး ကိစ္စကို ဆွေးနွေးရန် လာမည့်စက်တင် ဘာလ ကုန်ပိုင်း၌ UWSP နှင့်တွေ့ဆုံရန် ဖိတ်ကြား ထားသည်ဟု ဆိုပါသည်။ ဖိတ်ကြားချက်သည် “ဝ” ဒေသအတွင်း သန်းခေါင် စာရင်း ကောက်ယူရေးနှင့် ပတ်သက်သည့် ပူးပေါင်း ဆောင်ရွက်မှု များကို ဆွေးနွေးကြရန် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်းရှိ "၀" လူမျိုးများသည် လူဦးရေ ခြောက်သိန်း နီးပါးခန့် ရှိပြီး ၁၇၀၀၀ စတုရန်း ကီလိုမီတာ အကျယ် အဝန်း ရှိသည့် "၀" ဒေသမြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ပိုင်း ခွဲခြား ထားပါသည်။ ဘာသာစကားတွင် လူဦးရေ၏ ရ၀ ရာခိုင်နှုန်းသည် တရုတ် ဘာသာ စကားကို ပြောဆိုနေကြပြီး တရုတ် ယွမ်ငွေကိုသာ အသုံးပြုကြပါသည်။