Fonterra ကုမ္ပဏီထုတ်ကုန်များ အစာအဆိပ်သင့်ဓါတ် ပါ၀င်ကြောင်း ကုမ္ပဏီက အရေးပေါ် ထုတ်ပြန်

Fonterra ကုမ္ပဏီထုတ်ကုန်များ အစာအဆိပ်သင့်ဓါတ် ပါ၀င်ကြောင်း ကုမ္ပဏီက အရေးပေါ် ထုတ်ပြန်
by -
ရွှေဟင်္သာ

ကမ္ဘာ့ စတုတ္ထ အကြီးဆုံး နို့ထွက် ပစ္စည်း ထုတ်လုပ်သည့် နယူးဇီလန် နိုင်ငံမှ Fonterra ကုမ္ပဏီထုတ် ပစ္စည်း များတွင် အစာ အဆိပ်သင့်မှု ဖြစ်စေသော ဘက်တီးရီယားများ ပါဝင် နေသည်ဟု တွေ့ရှိ ရပြီးနောက် ၄င်းတို့၏ ထုတ်ကုန်များ ဝယ်ယူခြင်း မပြုရန် သက်ဆိုင်ရာ နိုင်ငံ အစိုးရ များက ပြီးခဲ့သည့် သြဂုတ်လ (၃) ရက်နေ့မှ စ၍ သတိပေး တားမြစ် ခဲ့ကြသည်။

“ထုတ်ကုန်များ၌ Clostridium ဟုခေါ်သည့် ဗီဇ ဓါတ်ပေါင်း တစ်ခု ပါဝင် နေကာ ၄င်းသည် အစာ အဆိပ် သင့်မှုကို ဖြစ်ပေါ် စေနိုင်ကြောင်း သြဂုတ်လ (၂) ရက်နေ့၌ အာဏာပိုင် များနှင့် စားသုံး သူများအား အသိ ပေးကြောင်း” ပြီးခဲ့သည့် သြဂုတ်လ (၅) ရက်နေ့ထုတ် ကုမ္ပဏီ၏ ထုတ်ပြန် ကြေငြာချက်၌ ဖော်ပြ ပါရှိပါသည်။

နယူးဇီလန် အပါအဝင် ထိုင်း၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ဆော်ဒီ အားရေးဗီးယား စသည့် ကမ္ဘာ့ နိုင်ငံပေါင်း (၇) ခုခန့်မှ Fonterra ကုမ္ပဏီထုတ် နို့ထွက်ပစ္စည်း ထုတ်ကုန် များအား ကုမ္ပဏီမှ ပြန်လည် ရုပ်သိမ်းရန် အတွက် ညွှန်ကြား ချက်များ အသီးသီး ထုတ်ပြန် ခဲ့ကြသည်။

ထိုဂယက်ကြောင့် ကမ္ဘာ တလွှားသို့ တင်ပို့ နေသည့် Fonterra ကုမ္ပဏီထုတ် နို့နှင့် နို့ထွက် ပစ္စည်း တန်ချိန် ၁,၀၀၀ ခန့်ကို နိုင်ငံ အသီးသီးမှ ပြန်လည် ရုပ်သိမ်း နိုင်ရန် ကြေငြာ ထားပါသည်။

ထိုင်းနိုင်ငံတွင် သြဂုတ်လ (၃) ရက်နေ့ မှစ၍ ပြီးခဲ့သည့် မေလက စ၍ ၄င်း Fonterra ကုမ္ပဏီမှ တင်တွင်းကာ အခြား အမည်ကွဲ များဖြင့် ဖြန့်ဖြူးနေသည့် နို့ထွက် ပစ္စည်း အားလုံးကို ပိတ်ပင်ရန် ထိုင်းအစားအစာနှင့် ဆေးဝါးကွပ်ကဲမှု ဌာနမှ ညွှန်ကြားချက် ထုတ်ပြန် ခဲ့သည်။

တရုတ် နိုင်ငံတွင်မူ ပြီးခဲ့သည့် သြဂုတ်လ (၅) ရက်နေ့မှ စ၍ ၄င်းပစ္စည်းများကို ပိတ်ပင်ကြောင်း တရုတ် အစိုးရက ကြေငြာချက် ထုတ်ပြန် ခဲ့သည်။

တရုတ် နိုင်ငံသည် ၄င်း Fonterra ကုမ္ပဏီ ထုတ်ကုန် (၅) ပုံ တစ်ပုံကို နှစ်စဉ် တင်သွင်းလျက် ရှိကာ ပြီးခဲ့သည့် သြဂုတ်လ (၃) ရက်နေ့၌ ကုမ္ပဏီ အုပ်ချုပ်ရေး အမှုဆောင် အရာရှိချုပ် Theo Spierings က သွားရောက်၍ ၄င်းတို့၏ ထုတ်ကုန်များ၌ အစာအဆိပ်သင့်မှု ဖြစ်ပေါ် စေသည့် ဘက်တီးရီးယားများ တွေ့ရှိ ခဲ့ရခြင်း အပေါ် တောင်းပန် ခဲ့ကြောင်း Wall Street ဂျာနယ် အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားပါသည်။

ဤပိတ်ပင် မှုများသည် ယာယီသာ ဖြစ်မည်ဟု ကုမ္ပဏီမှ ယုံကြည်ကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြ ထားပါသည်။

၄င်းကိစ္စအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည် ဟုလည်း နယူးဇီလန် ဝန်ကြီးချုပ်မှ Wall Street သို့ ထုတ်ဖော် ပြောကြား ထားသည်။

“စုံစမ်း စစ်ဆေးမှု အချို့ကို ပြုလုပ် နေတယ်၊ ပထဆုံး အနေနဲ့ ကုမ္ပဏီရဲ့ သူတို့ ကုမ္ပဏီတွင်းမှာ စုံစမ်း စစ်ဆေး မှုတွေ လုပ်ရ ပါ့မယ်” ဟု ဝန်ကြီးချုပ် John Key က Wall Street ဂျာနယ်အား ပြောကြား ထားသည်။

Fonterra ကုမ္ပဏီကို ၂၀၀၁ ခုနှစ်တွင် စတင် တည်ထောင်ကာ နို့၊ ထောပတ်၊ ဒိန်ခဲ၊ ရေခဲမုန့်နှင့် အခြား နို့ထွက်ပစ္စည်း ဆိုင်ရာ ထုတ်ကုန်များကို ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိကာ ဝန်ထမ်းပေါင်း ၁၇၀၀၀ ဦး ရှိပါသည်။

ကုမ္ပဏီ၏ ၂၀၁၀-၂၀၁၁ အစီရင်ခံစာ အရ အမြတ်ငွေ ရ၇၁ နယူးဇီလန် ဒေါ်လာ ရ၇၁ မီလျံရှိကြောင်း WiKi အင်အာနက် စာမျက်နှာ၌ ဖော်ပြ ထားပါသည်။

နယူးဇီလန် နိုင်ငံ၏ ပြည်ပ ပို့ကုန် များအနက် နို့နှင့် နို့ထွက် ပစ္စည်း တင်ပို့မှု ကဏ္ဍသည် အရေးကြီး စီးပွားရေး ကဏ္ဍ တစ်ခု ဖြစ်ကာ ၂၀၁၃ ခုနှစ် အစီရင် ခံစာ အရ ပို့ကုန် အားလုံး၏ ၂၅ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြ ထားပါသည်။