တိုင်းရင်းသားညီလာခံသို့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု (PDF) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ၁၉၉၀ ရွေးကောက်ပွဲ နှင့်၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ တက်ရောက် ခဲ့ကြသဖြင့် ၀မ်းသာ အားရမိ ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ခွန်ဥက္ကာက ဆိုပါသည်။
“ ခါတိုင်းဆိုရင် အစည်းအဝေး တခု လုပ်တော့မယ် ဆိုရင် လမ်းစရိတ်ပေးပြီး ဖိတ်ကြရပါတယ်။ အခုတော့ အဲဒီလို မဟုတ်ဘူး။ မျှော်လင့်မထားတဲ့ တိုင်းရင်း ပညာရှင်တွေ ကိုယ့်စရိတ်နဲ့ ကိုယ်လာကြတယ်။ ပြီးတော့ ဖိတ်တော့ ဖိတ်တယ်။ လာပါ့ မလား ထင်ရတဲ့ PDF အဖွဲ့တွေ၊ ပြည်တွင်းက တိုင်းရင်း အဖွဲ့တွေဆိုရင် အင်နဲ့အားနဲ့ကို တက်ရောက် လာတယ် ဆိုတော့ အတော်လေးကို အာရုံစိုက် လာကြတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုပွဲမျိုး တခါမှ မပြည့်စုံ ခဲ့ပါဘူး” ဟု ဆိုပါသည်။
ယခု ကျင်းပ နေဆဲ ဖြစ်သည့် ၄င်းတပြည်လုံး အတိုင်းအတာ ဆောင်သည့် တိုင်းရင်းသား ညီလာခံကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကမကထ ပြုကာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား အဖွဲ့စုံမှ ကိုယ်စားလှယ်ပေါင်း (၁၅၀) ဦးခန့် တက်ရောက် ခဲ့ကြသည်ဟု ဆိုပါသည်။
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု (PDF) သည် ၁၉၈၉ ခုနှစ်၌ ဖွဲ့စည်း ခဲ့ပါသည်။ ၄င်းတပ်ပေါင်း စုတွင် ပန်ဆန်း အခြေစိုက် ၀ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ UWSP ၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု NDAA ၊မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ခေါ်ကိုးကန့် အဖွဲ့နှင့် ဒီမိုကရေစီ သစ်တပ် မတော်-ကချင် (NDAK) တို့နှင့် ဖွဲ့စည်း ထားပါသည်။
ဤတပ်ပေါင်းစုသည် (၁၉၈၉) ခုနှစ်ကတည်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပြီး (MNDAA)မှ လွဲပြီး ယနေ့အထိ အပစ် ရပ်ထားဆဲ ဖြစ်ပါသည်။ သို့သော် ၄င်းတို့သည် အစိုးရမှတပါး မည်သည့် တိုင်းရင်းသား တပ်ပေါင်းစုကိုပင် ဆက်ဆံခဲ့ ခြင်းမရှိခဲ့ပေ။ ဤအခြေအနေမှ ယခု UNFC ကျင်းပသော ညီလာခံသို့ တက်ရောက် လာခဲ့သဖြင့် ထူးခြားဖွယ်ရာ ဖြစ်နေ ပါသည်။
အလားတူပင် UNFC သည် ပြည်ပရှိ တိုင်းရင်း ပညာရှင် တချို့ကိုပါ ဖိတ်ကြား ထားသော်လည်း မထင်မှတ်ထားသည့် တိုင်းရင်းပညာရှင် အများအပြားက ကိုယ့်စရိတ်နှင့်ကိုယ် တက်ရောက် လာခဲ့ကြပါသည်။
ထို့အပြင် ပြည်တွင်း၌ ရှိသော တိုင်းရင်း တပ်ပေါင်းစုများမှ အရေးကြီး ပုဂ္ဂိုလ်များလည်း တက်ရောက် လာခဲ့ပါသည်။ ညီညွှတ်သော တိုင်းရင်းသား မဟာမိတ်များ အဖွဲ့(UNA) မှ အဖွဲ့ဝင်များ ဖြစ်သော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် မွန်ဒီမိုကရေစီ ပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ထွန်းဖေ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၉) ဦး ပါ၀င် တက်ရောက် ခဲ့ပါသည်။
ထို့အတူ (၂၀၁၀) ရွေးကောက်ပွဲဝင် ပြည်တွင်းရှိ တိုင်းရင်းသား နိုင်ငံရေး ပါတီများ စုဖွဲ့ထားသည့် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) မှ ကိုယ်စားများလည်း တက်ရောက် လာခဲ့ကြောင်း ဆိုပါသည်။
ယခုညီလာခံသို့ UNFC အဖွဲ့ဝင်များ ဖြစ်သည့် ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင် လွတ်လပ်ရေး အဖွဲ ့(KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ဝ အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ကချင် အမျိုးသား အစည်းအရုံး (KNO) တို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
UNFC တပ်ပေါင်းစုဝင် မဟုတ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ အပါအဝင် တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ပါသည်။ တိုင်းရင်းသား အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထု လူတန်းစားများနှင့် CBO ကိုယ်စားလှယ် များပါ မကျန် တက်ရောက် ခဲ့ပါသည်။ အထူးသဖြင့် ပြည်တွင်း တိုင်းရင်း ကိုယ်စားလှယ်များထက် ပြည်ပရောက် တိုင်းရင်း ကိုယ်စားလှယ်များက ပိုမို တက်ရောက် ခဲ့ခြင်း ဖြစ်ပါသည်။
ဤမျှတိုင်းရင်းသား အရေးကို အလေးထားပြီး စုပေါင်းဆွေးနွေး လာနေကြသည့် တိုင်းရင်း ညီလာခံကြီးသာ ဖြစ်ပေတော့သည်။ ဤသည် တပြည်လုံး အတိုင်းအတာ ဆောင်နိုင်ဖွယ် ရှိသည့် တိုင်းရင်း ညီလာခံမျိုး ပထမဆုံး အကြိမ် အဖြစ် ပြည်ပ၌ ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ အလားတူ ဤကဲ့သို့သော တိုင်းရင်း ညီလာခံမျိုး ပြည်တွင်း၌ ကျင်းပနိုင်ရန် အစိုးရ၏ ခွင့်ပြုချက်ကို မျှော်လင့်နေပါကြောင်း UNFC က ဆိုပါသည်။
UNFC သည် ပြီးခဲ့သည့်၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် UNFC အဖွဲ့ဝင်များနှင့် အဖွဲ့ဝင် မဟုတ်ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါသော နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင် တရပ် ရရှိရေးကိုဆွေးနွေးခဲ့ကြပါသည်။ ယင်း ဆွေးနွေးပွဲသို့PDF အဖွဲ့များ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
ယင်းညီလာခံ၌ အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးသည့်အခါ ကိုင်စွဲရမည့် မူဘောင် နှင့် ပင်လုံ စိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၆ ချက် ပါရှိသော လမ်းပြမြေပုံကို ရေးဆွဲနိုင်ခဲ့ပါသည်။
ယခု ကျင်းပနေဆဲ တိုင်းရင်း ညီလာခံ၌မူ ဇူလိုင် (၂၉) ရက် ဖွင့်ပွဲနေ့တွင်၊ သဘာပတိ (၃) ဦး မိန့်ခွန်းပြောခြင်း၊ UNFC အဖွဲ့ အစီရင်ခံစာ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နည်းလမ်း ရှာဖွေရန်နှင့် ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေး အခြေခံမူများကို တင်ပြ ဆွေးနွေး ခဲ့ကြသည်ဟု ခွန်ဥက္ကာက ဆိုပါသည်။