DKBA ထိန်းချုပ် နယ်မြေ ရွာများအား သန်းခေါင် စာရင်းနှင့် မှတ်ပုံတင် ပြုလုပ်ပေး

DKBA ထိန်းချုပ် နယ်မြေ ရွာများအား သန်းခေါင် စာရင်းနှင့် မှတ်ပုံတင် ပြုလုပ်ပေး
by -
ရွှေဟင်္သာ

ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်  (DKBA) ထိန်းချုပ် နယ်မြေ တွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ လူထု များအား ဇွန်လ (၁၇) ရက်နေ့ နံနက် ပိုင်း၌ နိုင်ငံသား စိစစ်ရေး ကဒ်ပြား စတင် ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း DKBA မှ ဗိုလ်မှူး ထွန်းထွန်းက ပြောသည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ (ဓါတ်ပုံ - Soe Zeya Tun/ Reuters)

“ဒီနေ့ လုပ်တာက လူပေါင်း (၇၀) ကျော်တယ်။ သူတို့က အသက် (၁၀) နှစ် ကျော်တာနဲ့ အကုန် လုပ်ပေးတယ်။ အရင် တုန်းက ပစ်ခတ်မှု ရှိတုန်းက ရွာသား တွေက ဟိုပြေး ဒီပြေးနဲ့ မှတ်ပုံတင်တို့ မရှိ ကြဘူးလေ။ တချို့ ကြတော့ အရင် ကတည်းက သန်းခေါင် စာရင်း အကြမ်း လုပ်ထား ပေးတာတော့ ရှိတယ်။အခုလည်း သန်းခေါင် စာရင်း မရှိတဲ့ သူတွေ ကိုလည်း တစ်ခါတည်း လုပ်ပေးပြီး မှတ်ပုံ တင်လည်း လုပ်ပေးတယ်” ဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။

ယနေ့ နံနက် (၉) နာရီတွင်မြဝတီ ခရိုင် ဦးစီးမှူး၊ ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် နော်ဝေး အကူအညီ ပေးရေး အဖွဲ့တို့မှ အရာရှိများ ပေါင်း (၇) ဦး တို့ လာရောက်ကာ မြဝတီ ခရိုင် မြဝတီ မြို့နယ် တွင်းရှိ ဥကရစ်ထ ကျေးရွာတွင် တွင် ပြုလုပ် ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဝေါလေ ကျေးရွာ၊ စုကလိ ကျေးရွာ တို့တွင်လည်း နိုင်ငံသား စိစစ်ကဒ်ပြားများ ထုတ်ပေး ခြင်းနှင့် သန်းခေါင် စာရင်း ပြုလုပ် ပေးခြင်း တို့ကို တပိုင်းတစ ပြုလုပ် ပေးခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံရေး စိစစ် ကဒ်ပြားများ ပြုလုပ် ပေးနိုင်ရန် အတွက် အဓိက ရင်ဆိုင် ရသည့် အခက်အခဲမှာ အများစုတွင် အိမ်ထောင်စု စာရင်း မရှိခြင်းကြောင့် ဖြစ်ကာ ၄င်းအိမ်ထောင်စု စာရင်း ပြုလုပ် ရာတွင်လည်း ဒေသခံ များ၏ အားနည်းချက် များလည်း ရှိသည်ဟု သိရှိရသည်။

“တချို့က ကိုယ့်မိဘ၊ ဘိုးဘွား နာမည် တွေတောင် မသိတော့ဘူး။ သူတို့ ကလေးတွေ ဘယ်နှစ်ယောက် ရှိလဲ ဆိုတာ ယောင်ယောင် မှားမှား ဖြစ်နေ ကြတယ်။ အဲဒါက မှတ်ပုံတင် လုပ်ဖို့ အိမ်ထောင်စု စာရင်း ကောက်ရဖို့ အတွက် အင်မတန် ခက်တယ်၊ အခုလို လာလုပ် ပေးတော့ ရွာသားတွေ အားလုံး ကလည်းတကယ် ပျော်နေကြ တာပဲ” ဟု ဗိုလ်မှူး ထွန်းထွန်းက ပြောသည်။

ဆက်လက် ၍လည်း အဆိုပါ စုကလိ၊ ဝေါလေဘက်ခြမ်း ရွာ (၆) ရွာ အပါအဝင် ရွှေအေးမြိုင်၊ ဆုံဆည်းမြိုင်၊ သစ်ဘောဘိုး၊ တောင်နီနှင့် ဘလက်တိုရွာများ အားလည်း ဆက်လက် လုပ်ဆောင် ပေးသွားမည် ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း အချို့ ရွာသား များမှာ တောင်ယာ၊ ခြံထဲသို့ လုပ်ငန်းခွင် ဝင်ရောက် နေသည် များလည်း ရှိကာ အကယ်၍ မှတ်ပုံတင် ပြုလုပ် ပေးသည့်အဖွဲ့မှ ရက်တို အစီအစဉ် ဖြင့်သာ ပြုလုပ် ပေးမည် ဆိုပါက ၄င်းလူများအတွက် လုပ်ဆောင် နိုင်ရန် အခက်အခဲ များလည်း ရှိကြောင်း ဆိုပါသည်။

မှတ်ပုံတင် ပြုလုပ် ရာ၌လည်း ကျေးရွာသူ ရွာသား အများစုမှာ ကရင် လူမျိုး ဖြစ်သည့် အတွက်တချို့တွင် စကော ကရင် များအတွက် နာမည် ရှေ့၌ “စော” “နော်” ဟူ၍ လည်းကောင်း ပိုးကရင် များအတွက် “မန်း” “နန်း” စသည်တို့ကို ထည့်သွင်း ကြခြင်း ရှိသလို အချို့ မှာလည်း နားမလည် ကြ၍ “မောင်” “မ” “ဦး” “ဒေါ်” ဟုသာ ထည့်သွင်း ခြင်းများလည်း ရှိကြောင်း သိရှိ ရသည်။

သို့သော်လည်း မြန်မာ လူဝင်မှု ကြီးကြပ်ရေး အရာရှိ များက ထိုသို့ နိုင်ငံရေး စိစစ်ရေး ကဒ်ပြားများ ပြုလုပ် ပေးစဉ်တွင် ရွာသား များအား နှစ်နိုင်ငံ နိုင်ငံသား မှတ်ပုံတင် မကိုင်ရ အကယ်၍ ထိုင်းနိုင်ငံ မှတ်ပုံတင် ကိုင်ဆောင် သူများ ရှိလျှင် မြန်မာနိုင်ငံ နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည် မဟုတ်ဟု ပြောဆို ခဲ့ခြင်းလည်း ရှိသည်ဟု သိရှိ ရသည်။

ယခု နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ထုတ်ပေးခြင်းသည် ဒေသခံ ရွာသူ ရွာသားများ အတွက်သာ ဖြစ်ကာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား မရှိသေးသည့် DKBA တပ်ဖွဲ့ ဝင်များအား ထပ်မံ လုပ်ဆောင် ပေးနိုင်ရန် အတွက် ဆက်လက် ညှိနှိုင်း မှုများ ပြုလုပ် သွားရ ဦးမည် ဖြစ်သည်ဟု ဗိုလ်မှူး ထွန်းထွန်းက ပြောပါသည်။