ပဋိပက္ခကို ဖြေရှင်းရန် UWSA နှင့် အစိုးရအဖွဲ့တို့ ရက်သတ်မှတ်

ပဋိပက္ခကို ဖြေရှင်းရန် UWSA နှင့် အစိုးရအဖွဲ့တို့ ရက်သတ်မှတ်
by -
ရွှေဟင်္သာ

ရှမ်းပြည်တောင်ပိုင်းတာချီလိတ်ခရိုင်မိုင်းတုံမြို့နယ်တွင် ဖြစ်ပွားနေသော ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်UWSA နှင့်အစိုးရတပ်ဖွဲ့တို့၏ တင်းမာမှုကို  ဇူလိုင်လ ၁၁ ရက်နေ့ တွင်တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်းUWSA ဘက်ကအကြောင်းပြန်ထားသည်ဟု ပြောရေးဆိုခွင့် ရှိသူတစ်ဦးကို ကိုးကားပြီး တရုတ်ပြည်နယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇော်က ဆိုပါသည်။

“ UWSA ဘက်ကဒုတိယ ဥက္ကဌဦးရှောင်းမီလျံ ဦးဆောင်မယ်။ အစိုးရ ဘက်ကတော့ ဦးသိန်းဇော် ဦးဆောင်မယ်လို့ဆိုပါတယ်။ အစိုးရတြိဂံတိုင်း ဌာနချုပ် ကျိုင်းတုံမြို့မှာတွေ့မယ်။ တွေမယ့် ရက်ကတော့ အစိုးရဖက်ကဇူလိုင် (၆) ရက်နေ့ တောင်းဆိုထားပေမဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာမှတွေ့ဆုံနိုင်လိမ့်မယ်လို့  UWSA ကဒီနေ့အကြောင်းပြန်ထားပါတယ် ” ဟု UWSA အဖွဲ့အတွင်း၌နှစ်ပေါင်း၂၀ခန့်ပါဝင်လာခဲ့ပြီးနယ်စပ် တစ်လျှောက် တွင် စစ်ရေးလေ့လာခဲ့သူ ဦးအောင်ကျော်ဇော်က ဆိုပါသည်။

UWSA တို့၏ ရှေ့တန်းခံ ကတုတ်တနေရာ UWSA တို့၏ ရှေ့တန်းခံ ကတုတ်တနေရာ (ဓါတ်ပုံ - UWSA)

အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည် UWSA နှင့်အစိုးရတပ်တို့၏ နှစ်ဖက်စစ်ရေး တင်းမာမှုများကို ဖြေရှင်းရန်မနက်ဖြန် ဇူလိုင်လ ၆ ရက်နေ့့တွင် UWSA အဖွဲ့နှင့်လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့ ကတည်းက ရန်ကုန်မြို့ရှိမြန်မာငြိမ်းချမ်းရေး စင်တာ(MPC) မှUWSA ကို အကြောင်းကြား ထားခဲ့သည်ဟု ဆိုပါသည်။

UWSA နှင့် အစိုးရတပ်ဖွဲ့တို့သည် မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် စစ်ဗျူဟာမှူး စိုးတင်ဝင်းမှUWSA ၏ တပ်တည်နေရာနှင့် အင်အားစာရင်း တောင်းခံသည့်ကိစ္စ၊ တပ်စခန်းချင်းမျက်နှာချင်း လာရောက်ဆိုင်ထား သည့် ကိစ္စ၊UWSA အဖွဲ့၏ စိုက်ခင်းများကို လာရောက် သိမ်းလိုက်သည့် ကိစ္စနှင့် တာချီလိတ်မြို့အတွင်း ဖြစ်ပွားသည့် ရှမ်းတစ်ဦးသေ ဆုံးသည့် ကိစ္စများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြမည်ဖြစ်ကြောင်း ဦးအောင်ကျော်ဇော်က ဆိုပါသည်။

အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့မှ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်သည် ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့ကလည်း UWSA ဗဟိုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုခရီးစဉ်တွင် UWSA မှ ဒုံးကျည်တင် ရဟတ်ယာဉ် ၀ယ်ယူထားခြင်း ကိစ္စအား ဟုတ်မဟုတ် မေးမြန်းခဲ့သည်ဟု UWSA ဖက်က ဆိုပါသည်။

အစိုးရသည် UWSA အား ၂၀၀၈ဖွဲ့စည်းပုံအရ ရှမ်းပြည်နယ် ဟိုပုန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း (၆) မြို့နယ်ကိုခရိုင်နှစ်ခု ဖွဲ့စည်းပြီး ဝကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးထားခဲ့သည် ဟု ဆိုပါသည်။

ဝအုပ်ချုပ်ရေး အဖွဲ့၏ ရုံးသုံးစာကိုလည်း တရုတ်စာအဖြစ် ပြဌာန်းထားပြီး ဒေသအတွင်း နေထိုင်သူများ၏ ၃၀ ရာခိုင်နှုံးခန့်တို့သည် မြန်မာစကားနှင့် တိုင်းရင်းသား ဘာသာစကားကိုပါ သုံးစွဲကြပါသည်။

ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ဧရိယာ ၁၇၀၀၀ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိပြီး မြောက်ပိုင်း ဝဒေသနှင့် တောင်ပိုင်း ဝဒေသဟူ၌ နှစ်ပိုင်းခွဲခြားထားပါသည်။ လူဦးရေ (၆) သိန်းနီးပါး ရှိသည်ဟု စာရင်းပြုစုထားပါသည်။

ဤကဲ့သို့ သတ်မှတ်ပေးထားသည် ဆိုသော်လည်း UWSA သည် ၂၀၁၂ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အဆင့်အဖြစ်တိုးပြီး သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆို ခဲ့ပါသည်။ ထို့ပြင် ၂၀၁၃ ခုနှစ်မေလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်ဝ အထူးဒေသ (၂) ပန်ဆန်းမြို့သို့  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့ ရောက်လာချိန်တွင်လည်း နောက်ထပ် တစ်ကြိမ် တောင်းဆိုခဲ့သည်ဟု ဆိုပါ သည်။

UWSA သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ပြီး ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်UWSA ကိုဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ၄င်းတို့တွင် တရားဝင် လက်နက်ကိုင် အင်အား ၃ သောင်းကျော်ခန့်နှင့် အရံပြည်သူ့စစ် အင်အား ၁ သောင်းကျော်ခန့် ရှိကြောင်း ဝ သွေးစည်း ညီညွတ်ရေး တပ်မတော် ပြန်တမ်းတွင် ထုတ်ပြန်ထားပါသည်။