အစိုးရ စစ်ဆင်ရေးကြောင့် တအာင်း လူထုများ ကျေးရွာစွန့်ခွာနေ

အစိုးရ စစ်ဆင်ရေးကြောင့် တအာင်း လူထုများ ကျေးရွာစွန့်ခွာနေ
by -
ရွှေဟင်္သာ

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်များ တိုက်ပွဲများ ပြင်းထန် လာနေသဖြင့်  ဒေသခံ တအာင်းရွာသားများ ကျေးရွာကို စွန့်ခွာ ထွက်ပြေး နေကြရကြောင်း နမ့်ခမ်းမြို့ခံ တစ်ဦးက ဆိုပါသည်။

တအာင်းကျေးရွာတရွာ တအာင်းကျေးရွာတရွာ (ဓါတ်ပုံ - TNLA)

“ တိုက်ပွဲတွေကတော့ စိပ်လာတယ်။ အထူးသဖြင့် နမ့်ခမ်းရွာဖက်မှာလေ။ အခုဆို ရွာတချိုု ့ ရွာလုံးကျွတ် နီးပါး ထွက်ပြေးနေပြီး၊ အဲဒီလို ထွက်ပြေးတော့ တချို့ရွာတွေမှာ အစိုးရ တပ်သားတွေ အိမ်တွေကို တက်ဖေါက်တယ်။ ရှိသမျှယူသွား ကြတယ်။ လိုင်စင်ရ ဓါးပြလိုပါဘဲ။ မြင်မကောင်းပါဘူး။  ” ဟု ဆိုပါသည်။

ဤကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာနေသည့် တချိန်ထဲတွင် တပ်သားအပြည့် တင်ဆောင်ထားသည့် စစ်ကား အစီး (၂၀) ကျော် နှင့် အစိုးရ တပ်များသည်  ယမန်နေ့ ဇွန်လ(၂၁) ရက်နေ့တွင် လားရှိူးမြို့မှ ကွတ်ခိုင်မြို့ နှင့်နမ့်ခမ်းမြို့နယ် ဖက်သို့ ရောက် ရှိလာခဲ့ကြောင်း ယာဉ်မောင်း  များက ဆိုပါသည်။

“ မနေ့က ညနေပိုင်း ၅ နာရီကျော် လောက်မှ နမ့်ခမ်းမြို့ကို စစ်ကား ၄ စီး ရောက်လာတာ တွေ့ရတယ်။ ည ၉ နာရီ ကျော် လောက်မှာတော့ ၁၉ စီးထပ်ရောက်လာပြီးစုစုပေါင်း ၂၃ စီး နမ့်ခမ်းကို ရောက်ခဲ့တယ်၊ ပြီတော့ နမ့်ခမ်းမှ တစ်ဆင့် ကချင်ပြည်နယ် မန်ဝိန်းကြီး ဘက်သို့လည်း စစ်ကား ၁၁ စီးအပြင် ခြေလျင်တပ်သား ၂၀၀ ကျော်လောက် ဆက်လက် ထွက်ခွာ သွားတာလည်း ရှိသေးတယ်" ဟု ဆိုပါသည်။

ကချင်ပြည်နယ် မန့်ဝိန်းကြီးဖက်သို့ စစ်ကား၁၁ စီးဖြင့် ထွက်ခွာ သွားသော ခြေလျင်တပ်သား ၂၀၀ ကျော်သည် ယမန်နေ့  ည ၉ နာရီကျော် အချိန်တွင် ထွက်ခွာသွားသည်ဟု ဆိုပါသည်။ ကျန်နေသည့် စစ်ကား ၁၂ စီးသည် နမ့်ခမ်းမြို့တွင် ရှိနေပြီး မည်သည့် စစ်မျက်နှာသို့ ထွက်ခွာသွားမည်ကို မသိရှိရသေးဟု ဆိုပါသည်။

သို့သော် ကျန်သည့် စစ်ကားများနှင့် တပ်ဖွဲ့များသည် TNLA ထိန်းချုပ်ရာ နယ်မြေဘက်ဖြစ်သည့် မိုင်းဝီးဘက်သို့ ဆက်သွားမည့် အခြေအနေ ရှိသည်ဟု TNLA စစ်ဖက်ရေးရာ ဗိုလ်မှူးတစ်ဦးက ဆိုပါသည်။ အစိုးရ တပ်များသည် ဇွန်လဆန်း ပိုင်းမှ စပြီး ရှမ်းပြည်မြောက်ပိုင်းရှိ TNLA နှင့် KIA တို့ကို ပြင်းထန်စွာ စစ်ဆင်နေခဲ့သဖြင့် အထိုက်အလျှောက် ထိခိုက် ကျဆုံးခဲ့ပါသည်။ ထို့ပြင် ထပ်မံချေမှုန်းနိုင်ရန် စီစဉ်သည့် အနေဖြင့် တပ်အင်အား တိုးချဲ့ စစ်ဆင်လာရာရောက် နေပါသည်။

ဤသို့ကြောင့်  နမ့်ခမ်းမြို့ရှိ ကျန်နေသည့် စစ်ကား (၁၂) စီးဖြင့် အင်အား (၂၀၀) ခန့်သည် TNLA ထိန်းချုပ်နယ်မြေဘက် သို့ ထပ်မံဖြည့်စွက်ပြီး ထိုးစစ်ဆင်ရန် ရှိသဖြင့် တို်က်ပွဲများ ပြင်းထန်လာနိုင်မည့် သဘောရှိသည်ဟု TNLA တပ်မှူးက သုံးသပ်ပြောဆိုခဲ့ပါသည်။

TNLA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့်  ဇွန်လ ၁၈ ရက်မှ ၁၉ ရက်အတွင်း ကွတ်ခိုင်မြို့နယ်ရှိ ငေါ့ငါးကျေးရွာတွင် ကွမ်လုံ အခြေစိုက် တပ်ရင်း ၁၄၅ သည် TNLA တပ်ရင်း ၁၁၂ တို့ကို စစ်ဆင်ရာ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည် ၁၀၀ ကျော်သည် တောင်ယာသို့ လည်းကောင်း ကွတ်ခိုင်မြို့ နယ်ရှိ တခြားကျေးရွာ များသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသည်။

ဤအခြေအနေမျိုးတွင် အစိုးရ တပ်ဖွဲ့များ ထပ်မံ တိုးချဲ့လာနေသဖြင့် ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသ၌ စစ်ပြေး ဒုက္ခသည် အသစ်များ တိုးလာနေပါသည်။ တိုးလာသည့် ဒုက္ခသည်များသည် စခန်း အသွင် နေခွင့် မရကြသဖြင့် ကျန်းမာရေး၊ စားသောက်ရေး၊ ပညာရေး၊ လုံခြုံရေးများ ကင်းမဲ့နေကြရပါသည်။  

မူလရှိရင်းစွဲ စစ်ပြေး များကိုလည်း ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်က တန့်ယန်း ဒုက္ခသည် စခန်း အပါအဝင် ဒုက္ခသည် စခန်းများကို နေရပ်ပြန်ခိုင်းသည့် အမိန့်ဖြင့် ဒုက္ခသည်များကို ထပ်မံ ဒုက္ခရောက်စေ ခဲ့ကြောင်း ဆိုပါသည်။

အစိုးရ စစ်ဆင်ရေးများ ရပ်တန့်ခြင်းမရှိဘဲ ဒုက္ခသည် စခန်းများကို နေရပ်ပြန်ခိုင်းခြင်းသည် ရက်စက်မှုကို ထပ်မံဖြစ်စေခဲ့ ကြောင်း၊ အထူးသဖြင့် အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ လူသစ်စုဆောင်း ခံနေရခြင်း၊ လုပ်ငန်း ဂွင်နှင့် စည်းစိမ်များ ဖျက်စီးခံရခြင်း၊ ကလေးများ ပညာရေး ပျက်စီးခြင်းများ ခံနေရသည့် အပြင် မိမိကျေးရွာ၌ ရပ်တည် နိုင်ခွင့် မရှိတော့ဘဲ ထွက်ပြေးနေ ကြရပါသည်။