တအာင်းပလောင်ဒေသ ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုစိပ်လာ

တအာင်းပလောင်ဒေသ ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုစိပ်လာ
by -
ရွှေဟသာင်္

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့နံက် (၉) နာရီ အချိန်က ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြိို့နယ်တွင်း၌ ရင်ဆိုင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုုး တာဘုန်း ကျော်က ဆိုသည်။

“နမ့်ဆန်မြို့နယ်မှာရှိတဲ့ အနောက်ကင်းနဲ့ ဆာမ်ငါမ်ကျေးရွာ နှစ်နေရာမှာ နေရာ ယူထားတဲ့ ကျနော်တို့ အမှတ်၂၅၆ တပ် ရင်း လက်အောက်ခံ တပ်ခွဲတွေကို အစိုးရ တပ်ဖွဲ့တွေက စစ်ကြောင်း (၄) ကြောင်းနဲ့ စစ်ဆင်လာလို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရတာပါ။” ဟု ဆိုသည်။

ကျောက်မဲ အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၀၁ တပ်ဖွဲ့မှ အင်အား (၂၀၀) ခန့်က စစ်ကြောင်း(၂) ကြောင်း ဖွဲ့ကာ လာရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့်ကြာပြီး  အစိုးရ တပ်ဖွဲ့ ဘက်မှ တစ်ဦး ကျဆုံးကြောင်းနှင့်TNLA ဘက်မှ ထိခိုက် ဒဏ်ရာ ရမှုမရှိ ဟုTNLA က ဆိုသည်။  

အလားတူ ယနေ့နံနက် (၁၀) နာရီ အချိန်ကလည်း နမ့်ဆန်မြို့နယ် ဆာမ်ငါမ်ရွာ အနီး တပ်ချထားသော TNLA တပ်ရင်း (၂၅၆) လက်အောက်ခံ တပ်ခွဲစခန်း တခုကို အစိုးရ၏ ခမရ ၅၀၂ တပ်ရင်းမှ အင်အား (၂၀၀) ခန့်က စစ်ကြောင်း (၂) ကြောင်း ခွဲ၍ လာရောက် တိုက်ခိုက်ရာ (၁) နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA ဘက်က ဆိုသည်။

ထို့အပြင် မတ်လ (၇) ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ အနောက်ဘက် ရူရှိကျေးရွာရှိ TNLA တပ်ရင်း (၂၅၆) လက်အောက်ခံ တပ်ခွဲတပ်စခန်းကို အစိုးရတပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်း (၂) ကြောင်းဖွဲ့၍ လာရောက်တိုက် ခိုက်ရာ နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အစိုးရ တပ်များသည် နမ့်ဆန်မြို့နယ် အတွင်း၌ စစ်ကြောင်း (၄) ကြောင်းဖြင့် လှုပ်ရှားလျက် ရှိခဲ့ရာမှ နောက်ထပ် စစ်ကြောင်း (၂) ကြောင်း ထပ်မံတိုးချဲ့ ချထားခဲ့ရာ စုစုပေါင်း အင်အား (၆၀၀) ခန့် ရှိပြီး စစ်ကြောင်း (၆) ကြောင်းဖြင့် လှုပ်ရှား နေကြောင်း သိရသည်။

ထိုစစ်ကြောင်း များသည် နမ့်ဆန်မြို့ မြောက်ဘက်ရှိ လွယ်တောင်ကျော သတ္တုတွင်းကို လုံခြုံရေး ယူထားသော တပ် ဖွဲ့များမှ ဖြစ်ပြီး TNLA ကို မကြာမကြာ လာရောက် တိုက်ခိုက် နေခြင်း ဖြစ်သည်ဟု ဗိုလ်မှုုး တာဘုန်းကျော်က ဆိုသည်။