အစိုးရ၏ ကချင် ဒုက္ခသည် ပြဿနာ အပြောနှင့် လက်တွေ့ ကိုက်ညီမှု မရှိ

အစိုးရ၏ ကချင် ဒုက္ခသည် ပြဿနာ အပြောနှင့် လက်တွေ့ ကိုက်ညီမှု မရှိ
by -
ရွှေဟသာင်္

ကချင် စစ်ပြေး ဒုက္ခသည်များအား အကူအညီ ပေးတော့မည်ဟူသော အစိုးရ၏ ထုတ်ပြန်ချက်များသည် ယနေ့အထိ အကျိုး သက်ရောက်မှု မရှိသေးကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။

“အစိုးရကတော့ အပြော သက်သက်နဲ့ဘဲ အလုပ်လုပ်နေကြသလားတော့ မသိတော့ပါဘူး။ သူတို့ ပြောတဲ့ အတိုင်း ကချင် ဒုက္ခသည်တွေ အတွက် အကူအညီတွေ ပေးမယ် ဘာညာပေါ့ဗျာ။ လက်တွေ့ကတော့ ဘာမှ အကောင်အထည် ဖော်လုပ် ဆောင်ပေး သွားတာ မတွေ့ရသေးဘူး။” ဟု ဆိုသည်။

ဂျပန်နိပွန် ဖောင်ဒေးရှင်းနှင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့တို့မှ  အကူအညီ ပေးနိုင်ရန် အစိုးရထံ တင်ပြထားပြီး ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းက အကြောင်းကြား လာခဲ့သည်။ သို့သော် ထိုအကူအညီ များလည်း ယနေ့အထိ ရောက်ရှိလာခြင်း မရှိသေးဟု ဦးဒွဲပီဆာက ဆိုသည်။

အစိုးရ ဘက််ကမူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် တရုတ်ပြည် ရွှေ လီမြို့၌ တွေ့ဆုံခဲ့ပြီး စစ်ပြေးငြိမ်းရေးအတွက် နှစ်ဖက် နားလည်မှု ရရှိခဲ့ရာ ကချင် စစ် ပြေး ဒုက္ခသည်များ အတွက် အကူအညီများ ပေးဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ဝင်ရောက်ခွင့်ပြုရေး ကိစ္စကိုလည်း စီစဉ် ဆောင်ရွက်လျှက် ရှိကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့က သတင်းထုတ်ပြန် ခဲ့သည်။

အလားတူ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ကလည်း ကချင်စစ်ပြေး ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေး အတွက် အဓိက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကို ဆက်စပ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောကြား ခဲ့သည်။

ယင်းပြောဆိုမှုနောက်ပိုင်း မြို့ပေါ်ရှိ ကချင် စစ်ပြေး ဒုက္ခသည်များ အတွက် အကူအညီ တချို့ ရရှိခဲ့သော်လည်း နယ်စပ်ရှိ KIA ထိန်းချုပ်သော စစ်ပြေး ဒုက္ခသည် စခန်း အတွက်မူ ထိရောက်သည့် အကူအညီပေးရေး အဖွဲ့များ သွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် စောင့် နေရဆဲဖြစ်သည်ဟု ဦးဒွဲပီဆာက ဆိုသည်။  

အစိုးရ ဖက်ကမူ KIA နယ်ထဲရှိ စစ်ပြေး ဒုက္ခသည် အရေအတွက် စာရင်းကို KIA တပ်နှင့် လက်တွဲကောက်ယူသွားမည် ဖြစ်ကြောင်းနှင့် ပူးပေါင်း အကောင်အထည် ဖော်သွားရန် ရည်ရွယ်ထားကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောဆိုထားသည်။

လောလောဆယ်တွင် KIA နယ်ထဲရှိ စစ်ပြေး ဒုက္ခသည်များအား KIA ကသာ တာဝန်ယူ ကျွေးမွေး ထားကြောင်း ဒုက္ခသည် ကော်မီတီ များက ပြောဆိုခဲ့ပြီး အကယ်၍ KIA နှင့် တွေ့ဆုံ ဆွေးနွေးမှု အဆင်မပြေပါက ကုလသမဂ္ဂ အဖွဲ့မျိုးကိုပင် ခွင့်ပြုလိမ့်မည် မထင်ကြောင်း ဒုက္ခသည် ကော်မီတီများက ခန့်မှန်း ပြောဆိုသည်။  

KIA နှင့် အစိုးရတို့ နှစ်နှစ်နီးပါး တိုက်ခိုက်ကြရာတွင် စစ်ပြေး ဒုက္ခသည်ပေါင်း တသိန်းခန့် ရှိသည့်အနက် မြို့ပေါ်သို့ (၆) သောင်းခန့် ထွက်ပြေး ကြပြီး နယ်စပ် KIA စခန်းများသို့ (၅) သောင်းခန့် ရောက်ရှိနေကြောင်း အဆိုပါ ကော်မတီက ခန့်မှန်းထားသည်။