UNFC နှင့် အစိုးရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ၌ ဂျပန် ပါဝင်လို

UNFC နှင့် အစိုးရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ၌ ဂျပန် ပါဝင်လို
by -
ရွှေဟင်္သာ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့အကြား နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရာတွင် ကြားခံ အသိသက်သေအဖြစ် ပါ၀င်ခွင့်ရရန် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း၏ တောင်းဆိုချက်အပေါ် နှစ်ဖက် အဖွဲ့က လက်ခံကြောင်း UNFC ကပြောဆိုသည်။  

ယင်းကိစ္စနှင့် ပတ်သက်၍ နိပွန်ဖောင်ဒေးရှင်းမှ မြန်မာ အစိုးရထံ တင်ပြခဲ့ရာ ခွင့်ပြုချက် ရခဲ့ကြောင်းနှင့် UNFC ဘက်မှ လက်ခံမှု ရှိမရှိအား ယမန်နေ့က မေးမြန်းခဲ့သည့်အပေါ် လက်ခံနိုင်ကြောင်း တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့နဲ့ အစိုးရအဖွဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ့ဆုံတဲ့အခါမှာ ဂျပန် နိပွန်ဖောင်ဒေးရှင်းက ကြားခံ သက်သေအဖြစ် ဆောင်ရွက်ပေးလိုကြောင်း ရန်ကုန်မြို့ကနေ မနေ့က ဖုန်းဖြင့် ပြောကြားလာတာကို ကျနော်တို့ဘက်က လက်ခံလိုက်တာပါ။” ဟု UNFC က ဆိုသည်။

တိုင်းရင်းသားများနှင့် အစိုးရအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အဖြေရှာကြရန် နိပွန် ဖောင်ဒေးရှင်းမှ အားပေးအားမြှောက် ပြုသွားမည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ကတည်းက ထုတ်ဖေါ်ပြောကြား ခဲ့ဘူးသည်။

ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများကို တွေ့ဆုံခဲ့သေးသည်။ ယင်းတွေ့ဆုံမှုမှ အစိုးရ၏ သဘောထားကို ရယူပြီး UNFC ဘက်သို့ မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိပွန် ဖောင်ဒေးရှင်းအား ၁၉၆၂ ခုနှစ်၌ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ နိုဗယ်ဆုရှင် Ayako Sono က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံကိုမူ ၁၉၆၇ ခုနှစ်မှစ၍ ကျန်မားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍများ၌ အကူအညီပေးခဲ့ကြောင်း သိရသည်။