ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း (ပလောင်) ပြည်လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ က ယမာန်နေ့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှုုးတာဘုန်းကျော်က ဆိုပါသည်။
“မနေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့ ပန်းဆေးကျော်မြင့်ကုန်း အောက်မှာ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျနော် တို့တပ်ဖွဲ့က ဘိန်းခင်းတွေ လိုက်ဖျက်နေတာ နမ့်ခမ်းမြို့အတက်မှာ အစိုးရ တပ်ဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။” ဟု ဆို ပါသည်။
တိုက်ပွဲအတွင်း အစိုးရတပ်ဖွဲ့ဖက်မှ (၁၀) ဦးထက်မနည်း ကျဆုံးသွားပြီး တအာင်းတပ်ဖွဲ့ ဘက်မှ ၂ ဦးဒဏ်ရာ ရရှိသွား သည်ဟုဆိုပါသည်။
ထိုတိုက်ပွဲသည် တအာင်းတပ်ဖွဲ့မှ အမှတ်(၄၇၈) တပ်ရင်းနှင့် အင်အား ၁၀၀ ခန့်ရှိ အစိုးရတပ်ဖွဲ့ ခလရ ၁၄၄နှင့် ခလရ ၆၇ တို့ပူးပေါင်းသည့် စစ်ကြောင်းတို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲ အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ ခြင်းဖြစ်ပါသည်။
တအာင်းတပ်ဖွဲ့ TNLA တို့သည်၊ နမ့်ခမ်းမြို့နယ်ရှိ ဘိန်ခင်းများကို လိုက်လံဖျက်ဆီးခဲ့သည်မှာ (၂) ပတ်ခန့် ရှိနေပြီးဖြစ်ရာ ဧက ၁၀၀ ကျော်ဖျက်ဆီး လိုက်နိုင်ပြီးဖြစ်သည်ဟု ဆိုပါသည်။ ဤကဲ့သို့ TNLA ဘိန်းပင်များကို လိုက်လံ ဖျက်ဆီးနေစဉ် ဘိန်းခင်းများကို လုံခြံုရေး ယူထားသည့် မိုင်းဝီပြည်သူ့စစ် တပ်ဖွဲ့တို့က အစိုးရတပ်ဖွဲ့ကို သွားရောက် အကူအညီ တောင်းရာ မှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
TNLA တအာင်း တပ်ဖွဲ့တို့သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ဘိန်းတိုက်ဖျက်ရေး အစီအစဉ်ကို လှုပ်ရှား လာခဲ့ပါသည်။ ယခုနှစ်တွင်းလည်း ယခုကဲ့သို့ ဘိန်းပန်းပွင့် ရာသီ အချိန်အတွင်း၌ ဘိန်းခင်းများ တိုက်ဖျက်ရေး အစီအစဉ်များ ကို စတင်နေခြင်းဖြစ်သည်ဟု TNLA ဗိုလ်မှူးက ဆိုပါသည်။
ရှမ်းပြည် မြောက်ပိုင်းမှ နမ့်ခမ်းမြို့နယ်ရှိ တာပန်းကုန်း၊ ရှာပန်းကုန်းကျေးရွာတဝိုက်သည် ဘိန်းခင်းများ စိုက်ပျိုးလျက်ရှိသည့် နေရာဒေသဖြစ်သည်။ ထိုဘိန်းခင်းများသည် အစိုးရ တပ်ဖွဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များက စိုက်ပျိုးသည့် စိုက်ခင်း များဖြစ်ပြီး အစိုးရ တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး အကာအကွယ်ပေးနေသော နေရာများဖြစ်ကြောင်း ဆိုပါသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ တအာင်းဒေသတွင် မန်တုံဌာနေ ပြည်သူ့စစ်၊ ပန်ဆေးပြည်သူ့စစ်၊ ဦးတီခွန်မြတ် ပြည်သူ့စစ်နှင့် အ ခြားတရုတ် စီးပွားရေး လုပ်ငန်းရှင်များ စုဖွဲ့ ထားသည့် ပြည်သူ့စစ် အဖွဲ့ငယ်များ စသဖြင့်ရှိပါသည်။ ထို့အပြင် အစိုးရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းဌာနချုပ် လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့များလည်းရှိသေးသည်။
ထိုပြည်သူ့ စစ်တပ်ဖွဲ့များသည် သစ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်းတို့ အပြင် ဘိန်းစိုက်ပျိုးခြင်း ၊ မူးယစ်ဆေးဝါး ရောင်းချခြင်းအပြင် မှောင်ခိုလုပ်ငန်းမျိုးမျိုး လုပ်ကိုင်ကာ ဒေသခံ မိဘပြည်သူများ အပေါ် ဗိုလ်ကျ စိုးမိုးနေကြကြောင်း တအာင်းတို့ဘက်က ဆိုပါသည်။