တိုက်ပွဲ ဆုံးသတ်ရေး အခမ်းအနား KIA ပြုလုပ်

တိုက်ပွဲ ဆုံးသတ်ရေး အခမ်းအနား KIA ပြုလုပ်
by -
ရွှေဟင်္သာ

အစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တို့ ဖြစ်ပွားနေသော တိုက်ပွဲများ ပြန်လည် သုံးသပ်ရေး အခမ်းအနား တရပ်ကို KIO ဗဟို ဌာနချုပ် လိုင်ဇာအနီးရှိ လဝါယန် စခန်းတွင် ယနေ့မနက်က ပြုလုပ်ခဲ့ကြောင်း တက်ရောက်သူ ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့မှ ဗိုလ်မှူး ကျော်ကျော်က ပြောသည်။

“တိုက်ခဲ့တဲ့တိုက်ပွဲကို ပြန်ပြီးတော့ သုံးသပ်တဲ့ အခမ်းအနားကို ဒီနေ့ လုပ်ဖြစ်တာပါ။ ဒီတိုက်ပွဲမှာ လေယာဉ်နဲ့ပစ်တယ်။ လက်နက်ကြီးသုံးပြီးပစ်တယ် အပါ၀င်ပေါ့လေ လူအင်အားတွေလည်း များများ သုံးထားတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ တောင်ကုန်းတွေ ဆုတ်ပေးခဲ့ရတယ်။ ဒါပေမဲ့ ဘယ်လိုဘဲ ဆုတ်ရဆုတ်ရ သော်လည်းဘဲ ကျနော်တို့ရဲ့ စိတ်ဓါတ်ဟာ ခိုင်မာ သည်ထက် ခိုင်မာ နေတယ် ဆိုတာတွေ့ရတဲ့အတွက် ဒါဟာ ဒီတိုက်ပွဲရဲ့ အဓိက အားသားချက်တွေလို့ သုံးသပ် ပါတယ်။” ဟု ဗိုလ်မှူးကျော်ကျော်က ပြောဆိုသည်။

ထို့အပြင် နှစ်ဖက် အသေအပျောက် ဒဏ်ရာရမှုများ၊ သိမ်းဆည်းမိသည့်ပစ္စည်းများနှင့် ဆုံးရှုံးမှုများကို နှိုင်းယဉ် ကြည့်လျင်လည်း အဆပေါင်းများစွာ ကွာခြားသည်ဟုဆိုသည်။

အလားတူ အချိန် တနှစ်ခွဲကျော်ဖြစ်လာခဲ့သည့် တိုက်ပွဲတွင် အစိုးရဖက်မှ (၅၀၀၀)ထက်မနဲ ကျဆုံးနိုင်ကြောင်း နိုင်ငံခြား စစ်တမ်း တခုက သုံးသပ် ထားပြီး ရဟတ်ယာဉ် ပျက်စီးမှုအပါ၀င် ရထား၊ လမ်းတံတားနှင့် လျှပ်စစ်တာဝါတိုင် ပျက်စီးမှုများစွာ ရှိကြောင်းလည်း ဖော်ပြထားသည်။  

အခမ်းအနားအား နံနက် ၁၀ နာရီအချိန်မှ စတင်ခဲ့ပြီး ညနေ ၂ နာရီ အချိန်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားကို KIA ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်ဂေါင် ဦးဆောင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ KIA တပ်မှူး ၂၇ ဦး၊ နှင့်ကျောင်းသားတပ်မ တော်မှ တပ်မှူး ၃ ဦး တို့ တက်ရောက်ခဲ့ကြသည်။

“ယခုဖြစ်နေတဲ့ တိုက်ပွဲဟာ ကျနော်တို့ဘက်က နိုင်ငံရေး တွေ့ဆုံးဆွေးနွေးရေး လမ်းစ ပေါ်လာ အောင် တိုင်းရင်းသား အားလုံးအတွက် အနစ်နာခံတိုက်ခဲ့တဲ့ တိုက်ပွဲလို့သဘောထားပါတယ်။ ဒါကြောင့်လည်းဘဲ ကျနော်တို့အပေါ် တိုင်းရင်းသားအားလုံးရဲ့ အားပေးမှုတွေကို ရရှိခဲ့ပါတယ်။ အခုတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းစတခုတော့ ပေါ်လာပြီဖြစ်တယ်လို့ ယူဆ ရတဲ့ အတွက်ကြောင့် မို့လို့ အခုလို တိုက်ပွဲရဲ့ သုံးသပ်ချက် အခမ်းအနားကို ကျင်းပခြင်းဖြစ်တယ်။” ဟု ဗျူဟာမှူး ဗိုလ်မှုုကြီး ဇော်ဂေါင်က ပြောဆိုသည်။

KIA မှ ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်များကို တပ်မှူးများက အပြည့်အဝ ယုံကြည်မှုရှိကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ထူးခြားသည့် စစ်ပွဲများဟု သုံးသပ်မိပါကြောင်း၊ မပြီးဆုံး သေးသည့် တာဝန်များကို စိတ်ဓါတ်ခိုင်မာစွာဖြင့် ဆက်လက် တိုက်ပွဲဝင်သွားကြမည် ဖြစ်ကြောင်း တက်ရောက်သူ တပ်မှူးများက တညီတညွတ်တည်း ပြောဆိုခဲ့ကြောင်း သိရသည်။