KIA တပ်ရင်း (၆) အား စစ်ဆင်ရန် အစိုးရတပ်ဖွဲ့များ ပြင်ဆင်

KIA တပ်ရင်း (၆) အား စစ်ဆင်ရန် အစိုးရတပ်ဖွဲ့များ ပြင်ဆင်
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂)၊ လက်အောက်ခံ တပ်ရင်း (၆) နယ်မြေဖြစ်သည့် ဖားကန့် ဒေသသို့ ယခု ရက်ပိုင်းအတွင်း အစိုးရ တပ်အင်အားများ ထပ်မံ တိုးချဲ့ ချထားခဲ့ကြောင်း တပ်ရင်း (၆) မှူး ဒုတိယ ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

“ဒီနေ့ ညနေပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာမှာ ရှိတဲ့ အစိုးရ တပ်ဖွဲ့တွေက ကျနော်တို့ တပ်ရင်း (၆)အနီးမှာ ရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို လာရောက် အင်အားဖြည့်ထား တယ်လို့ သိရပါတယ်။ ဒီ ၃/၄ ရက်အတွင်းမှာ သူတို့ရဲ့ စစ်ရေး လှုပ်ရှား မှုတွေကို ကြည့်မယ်ဆိုရင် ဖါးကန့် ဒေသအတွက် အစိုးရဘက်က ချမှတ်ထားတဲ့ စစ်ဆင်ရေး စီမံချက်တွေ စတင်အကောင် အထည် ဖော်နေပြီဆိုတာ ထင်ရှားစေပါတယ်။” ဟု ဆိုသည်။

ထို့အပြင် ဒေသတွင်း စစ်ရေး လှုပ်ရှား၍ သော်လည်းကောင်း ဒေသခံ အရပ်သားများအား ဖမ်းဆီးစစ်ဆေး ၍သော်လည်းကောင်း KIA တပ်စခန်းများအား ရှာဖွေနေကြောင်းနှင့် အချိန်မရွေး တိုက်ခိုက်နိုင်ရန် စစ်အင်အား ဖြည့်တင်းသည့် စံနစ်ကို ကျင့်သုံးနေကြောင်း ဒုဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ဆိုသည်။

အစိုးရတပ်က ယခုကဲ့သို့ လှုပ်ရှားမှုကြောင့် KIA ဘက်မှ ခံစစ်သေ စခန်းများ မထားတော့ဘဲ လှုပ်ရှား စစ်ကြောင်းအသွင် ပြောင်းလဲလှုပ်ရှားလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ဇန္နဝါရီလ (၃၁) ရက်နေ့က ခါမှော်ကြီးကုန်း ကျေးရွာအတွင်း အစိုးရတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား (၄) ဦးသေဆုံး၍ (၁၇) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ ကြောင်းနှင့် ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း နှစ်ဖက် တပ်ဖွဲ့များ (၃) နာရီကျော် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သို့သော် အရပ်သားများ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

ထို့အပြင် ဇန္နဝါရီလ (၁၅) ရက်နေ့မှ စတင်၍ အစိုးရတပ်ဖွဲ့ဝင် အင်အား (၄၀၀) ခန့်က စစ်ကြောင်း သုံးကြောင်း ခွဲ၍ KIA တပ်စခန်းတဝှိုက် လှုပ်ရှားနေသလို ဇန္နဝါရီလ (၁၈) ရက်နေ့က ကံစီး ကျေးရွာတဝှိုက်ရှိ KIA တပ်ခွဲ (၃) စခန်းဟောင်း တခုအား ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

လွန်ခဲ့သည့် ဇန္နဝါရီလ (၁၉) ရက်နေ့က လဂျားယန်ဒေသတဝှိုက် ပစ်ခတ်မှု မပြုလုပ်ရန် အစိုးရက ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်သော်လည်း ဖားကန့် ဒေသနှင့် အခြား စစ်ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

လောလောဆယ်တွင် ဖားကန့်ဒေသအတွင်း တနိုင်တပိုင် လုပ်ကိုင်စားသောက်နေသူများ အပါအဝင် မော်ဇာ၊ ကုဋေ၊ ကထန် စသည့် ဒေသများတွင် ကျောက်စိမ်း လုပ်ကိုင်ခွင့် ပိတ်ပင်ထားသလို အလုပ်သမားများအား နေရပ်သို့ ပြန်ခိုင်းနေသဖြင့် စစ်ဆင်ရေး စီမံချက်များ ရှိလာနိုင်ကြောင်း KIA တပ်ရင်း (၆) မှူး ဒု-ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက သုံးသပ် ပြောဆိုသည်။